၂၀၂၂ ခုနှစ်၊ မေလ (၁၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ၂၀၂၂ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ဇေယျ ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။