The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ မေလ ( ၂၈ )ရက်

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ဌာန ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၃၁) မိုင်အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်း ပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေမှူး ဦးစိုးဝင်းနှင့် စက်ရုံမှူးတို့မှ ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားထုတ်လုပ် မောင်းနှင်နေမှုအခြေအနေ၊ ဓာတ်အားပေးစက်ကြီးများအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများ လည်းကောင်း၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု အခြေ အနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ရဲရွာရေအားလျှပ်စစ်စက်ရုံသည် မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၌ အကြီးဆုံးနှင့် အားအထားရဆုံး တမံကြီးဖြစ်သည့်အလျောက် ပြည်သူများ လိုအပ်နေသော လျှပ်စစ် ဓာတ်အားများကို ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် စုဆောင်းထားရှိသည့် ရေများကို အကျိုးရှိစွာ အသုံးပြု၍ စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ်၍ လျှပ်စစ်ဓာတ်အားများ စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်ရုံရေရှည် တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ ကြံ့ခိုင်ရေးပုံမှန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်နှင့် မိမိတို့ကျရာအခန်း ကဏ္ဍမှ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေ သိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်အဆင့် လျှပ်စစ်မန်နေဂျာ/ လျှပ်စစ်အင်ဂျင်နီယာများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

             အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် နည်းလမ်း မျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အားပို့ လွှတ်ခြင်းအပိုင်း၌ လိုင်းများတိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်းအပိုင်းများကိုလည်း တိုးချဲ့ပြုပြင် တည်ဆောက်ခြင်းစသည်တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ် အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး နှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး အကျိုးရှိစွာ အသုံးချသွားရန်လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ၎င်းအပြင် သုံးစွဲခဲ့သည့် ဓာတ်အားခကျသင့်ငွေများ အပြည့်အဝ ကောက်ခံရရှိစေရေး ခရိုင်/ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများမှ အောက်ခြေအထိ ကွင်းဆင်းပြီး ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်း ကိစ္စရပ် များကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဝန်အားလျှော့ချခြင်းမပြုဘဲ ပြည့်မီအောင် ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေများ အသီးသီး ချီးမြှင့်ခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
28-May-2022