The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (  ၂၃  )ရက်   

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ ဓာတ်အားပေးစက်ရုံမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက် အလက်များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ရေလှောင်တမံအတွင်း ရေဝင် ရောက်မှု၊ လက်ရှိ ရေသိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေ၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် ခဲ့မှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်များအား စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက် များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ပြီး ရေလှောင်တမံအတွင်း စီးဝင်လာသော ရေကို စနစ်တကျ သိုလှောင်၍ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ယခုနှစ်မိုးရွာသွန်းမှုအခြေအနေအရ မိုးဦးကာလတွင် ရေဝင်ရောက်မှုကောင်းမွန်ခဲ့ပြီး မိုးလယ်ကာလတွင် နည်းပါးနေသော်လည်း မိုးနှောင်း ကာလတွင် ပို၍ကောင်းမွန်လာနိုင်သဖြင့် ရရှိပြီးဝင်ရေကို လာမည့်နွေရာသီအမီ စက်စွမ်းအားပြည့် မောင်းနှင် နိုင်ရေး စနစ်တကျ ထိန်းသိမ်းမောင်းနှင်ရန်လိုအပ်ပါကြောင်း၊ ပေါင်းလောင်းမြစ်ပေါ်တွင် စီးဆင်း နေသောရေကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနှင့် အကျိုးရှိစွာအသုံးပြုနိုင်ရန်အတွက် အဆင့်ဆင့်တမံစနစ်ဖြင့် ဓာတ်အား ထုတ်လုပ်မှုဖြစ်သော အထက်ပေါင်းလောင်း (၁၄၀) မဂ္ဂါဝပ်၊ နန်ချို (၄၀) မဂ္ဂါဝပ်နှင့် အောက်‌ပေါင်းလောင်း (၂၈၀) မဂ္ဂါဝပ်တို့ကို အဆင့်ဆင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ အလယ်ပေါင်းလောင်းစီမံကိန်း (၁၆၆) မဂ္ဂါဝပ်ကိုလည်း ထပ်မံ‌ထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိသည့်အပြင် Hydromatrix အနိမ့်တမံစနစ်ဖြင့်လည်း ထပ်မံ ထုတ်လုပ်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဒုဌဝတီမြစ်ဝှမ်းတွင်လည်း အထက်ရဲရွာစီမံကိန်း(၂၈၀) မဂ္ဂါဝပ်၊ ရဲရွာစီမံကိန်း (၇၉၀) မဂ္ဂါဝပ်တို့ကိုလည်း အဆင့်ဆင့် ထုတ်လုပ်နေသကဲ့သို့ နမ္မတူသီပေါ စီမံကိန်း  (၂၁၀) မဂ္ဂါဝပ်၊ အလယ်ရဲရွာစီမံကိန်း (၇၃၅) မဂ္ဂါဝပ်နှင့် ဒီးဒုတ်စီမံကိန်း (၆၀) မဂ္ဂါဝပ်တို့ကို ထပ်မံထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ယခင်က ဖြစ်မြောက်နိုင်စွမ်းတိုင်းတာပြီး ဆွေးနွေးနေဆဲ ဖြစ်သော  သံလွင်မြစ်ဝှမ်းစီမံကိန်းများ၊ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကိုလည်း ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ ရှိပြီးသားဖြစ်သော သဘာဝအရင်းအမြစ်များမှ မြစ်ချောင်းများကို ဆက်လက်အကျိုးရှိအောင် စီမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့်အတွက် စက်ရုံရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အား ထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပေးနေမှုအခြေအနေ၊ တာဘိုင်ခန်းအတွင်း စက်များမောင်းနှင်နေမှုအခြေအနေ၊ ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် RCC  ကွန်ကရစ် တမံကြံ့ခိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နေပြည်တော် ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ  ၇၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုးအစားစက် (၂) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား  ၁၄၀ မဂ္ဂါ၀ပ်ထွက်ရှိကာ တစ်နှစ် ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလို၀ပ် နာရီသန်းပေါင်းဖြစ်ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် နန်ချိုဓာတ်အားပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ စက်စွမ်းအားပြည့် ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် လက်ရှိအခြေအနေတွင် ရေဝင်ရောက်မှုနည်းသော်လည်း လာမည့် နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ပြည့်မီအောင် ရေလှောင်တမံအတွင်းသို့ စီးဝင်လာ သည့် ရေကို သိုလှောင်စုဆောင်းပြီး စနစ်တကျစီမံ၍ တစ်နှစ်ပတ်လုံး ဓာတ်အားစဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက်  စီမံဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
24-Jul-2022