၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားစနစ်မှ ရယူသုံးစွဲလျက်ရှိသော ဘိလပ်မြေစက်ရုံ များနှင့် ကိုယ်ပိုင်ဓာတ်အားပေးစက် တပ်ဆင်အသုံးပြုဆောင်ရွက်လျက်ရှိသော ဘိလပ်မြေ စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရယူ/သုံးစွဲဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာန အကြီးအကဲများနှင့် ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနနှင့် ကော်ပိုရေးရှင်း နယ်မြေ များရှိ ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော စွမ်းအင် အရင်းအမြစ်မျိုးစုံကိုအသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး တိုးတက် ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကိုလည်း တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဓာတ်အားစနစ်မှ ရယူသုံးစွဲလျက်ရှိသော ဘိလပ်မြေစက်ရုံများနှင့် ကိုယ်ပိုင်ဓာတ်အားပေးစက် တပ်ဆင်အသုံးပြု ဆောင်ရွက်လျက် ရှိသော ဘိလပ်မြေစက်ရုံများ၏ လျှပ်စစ်ဓာတ်အား စနစ်တကျ ရယူ/သုံးစွဲဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးအားခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ဘိလပ်မြေ စက်ရုံအသီးသီးအနေဖြင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေး လျက်ရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် အပူစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင် အစရှိသော စွမ်းအင်အရင်းအမြစ်တို့မှ လျှပ်စစ်ဓာတ်အားရယူနိုင်ရေး စီမံဆောင်ရွက်သွားနိုင် ပါကြောင်း၊ ထိုသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် လိုအပ်သော နည်းပညာကိုလည်း ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အခက်အခဲရှိပါက ပြန်လည်တင်ပြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သက်ဆိုင်ရာနယ်မြေ များရှိ ဘိလပ်မြေစက်ရုံများ၏ တာဝန်ရှိသူအသီးသီးမှ လျှပ်စစ်ဓာတ်အား ရယူ/သုံးစွဲဆောင်ရွက် လျက်ရှိသည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။