The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ( ၂၃ ) ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီ၌ နေပြည်တော်ဗဟိုသင်တန်းကျောင်း တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ ယနေ့ခေတ်၌ အသိပညာ အခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများ ရရှိရေးသည် မရှိမဖြစ် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာ တိုးပွားစေဖို့ အရည်အချင်းမြှင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊  နိုင်ငံ့ဝန်ထမ်းကောင်း ဆိုသည်မှာ အသိပညာ၊ အတတ်ပညာ ပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို လိုလားခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်း၊ အဖွဲ့အစည်းများအလိုက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု (Human Resources Development -HRD) ဟာ အခြေခံ အကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထားဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသားများကို ITနှင့်သက်ဆိုင်သော အသုံးချဘာသာရပ် များကို အခြေခံမှစတင်၍ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ ယခင်ရှိပြီးသော လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများ ပေါင်းစပ်၍ ရှာဖွေစုဆောင်း လေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှုစသည့် အရည်အချင်းများနှင့်အတူ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှအသုံးချ၍ လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြရန်၊ အချိန်နှင့်အမျှ တိုးတက် နေသည့် IT နည်းပညာတွေကို ဆက်လက်လေ့လာသွားကြရန်နှင့် မိမိတို့မှတစ်ဆင့် ဆင့်ပွား ပညာတွေ ဖြန့်ဝေသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ထို့ပြင် ပေးအပ်လာသည့် တာဝန်နှင့် ဝတ္တရားတွေကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံ နိုင်သည့်သူများ ဖြစ်ရေး နေထိုင်ကျင့်ကြံသွားကြရန် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက်၊ မိမိ လုပ်ငန်းခွင်အတွက် အားကိုးအားထားပြုလောက်သည့် သီလ၊ သမာဓိ၊ ပညာပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးတို့ကို စိတ်ကောင်း စေတနာကောင်း အပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြ ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

               ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ်(၃)သင်တန်းမှ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကို လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်အား သင်တန်းသားများထံသို့  လည်းကောင်း ပေးအပ်ခဲ့ ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား(၅၀)ဦးကို ရက်သတ္တ(၈)ပတ်ကြာ သင်ကြားပို့ချခဲ့ ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
23-Sep-2022