The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယခုလ (၁) ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (  ၁  ) ရက်

            နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိစက်ရုံများအား စွမ်းရည်မြှင့်တင်၍ လျှပ်စစ်ဓာတ်အား ပိုမို ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ချို့ယွင်း၍ စွမ်းရည်လျော့နည်းကျဆင်းနေသည့် စက်ပစ္စည်းများအား အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံ ရေရှည် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

            ယခုလ (၁) ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ စက်ရုံလည်ပတ်မောင်းနှင်နေမှု၊ တာဘိုင် Guide Vane ပြုပြင်နေမှု၊ Stator နှင့် Rotor တို့အား Insulation Painting ပြုလုပ်ခြင်း၊ အမှတ် (၄)စက် ထိန်းချုပ်စနစ်မှ Software Upgrading ပြုလုပ်နေမှု အခြေအနေများအား စစ်ဆေးကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

            ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို စက်ရုံမှူးက ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ ဓာတ်အားပေးစက်များအား မောင်းနှင်၍ ဓာတ်အားထုတ်လုပ်နေမှု၊ နိုင်ငံတော် ဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်မှု၊ တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်မှု၊ အမှတ် (၄)စက်အား အကြီးစားပြုပြင်မှုလုပ်ငန်းအခြေအနေများအား တင်ပြရာ ဒုတိယအင်ဂျင်နီယာချုပ် ဦးညီညီထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

            တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေး ကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနိုင်ရေးအတွက် တာဘိုင်နှင့် ဂျင်နရေ တာများ၊ ထိန်းချုပ်စနစ်များ၊ Switchgear နှင့် Protection စနစ်များအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန်၊ စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများအား သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား အမှတ်တရသစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

            အဆိုပါ စက်အား ပြုပြင်ပြီးပါက ယခင်က လျော့နည်းနေသည့် စက်တပ်ဆင်စွမ်းအား (၈)မဂ္ဂါဝပ်ကို ပြန်လည်ရရှိနိုင်သဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ၃၄.၂၄ ကီလိုဝပ်နာရီသန်း တိုးတက် ရရှိလာမည်ဖြစ်ပါကြောင်း သိရပါသည်။

Post under by : ဝန်ကြီးရုံး
04-Oct-2022