The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၁၂ ) ရက်

(၂၃၀ ကေဗွီ ကျောက်ဖြူပင်မဓာတ်အားခွဲရုံနှင့် CNTIC VPower KY3 Ltd. ၏ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များ၏ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး)

            ၂၃၀ ကေဗွီ ကျောက်ဖြူပင်မဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ပြီး ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွက် အနာဂတ်တွင် လိုအပ်လာမည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက် နိုင်ရေးအတွက် ကြိုတင်မျှော်မှန်းကာ စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

            လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့်အတူ အောက်တိုဘာလ (၁၀) ရက်နေ့ ညနေပိုင်း၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ ကျောက်ဖြူ ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

            ဦးစွာ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့အား  ဓာတ်အားခွဲရုံမှူး ဦးရဲလွင်ထူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဓာတ်အား ခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ခိုင်က ဖြည့်စွက်တင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးနေပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါလှသည့် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ (၁)ရုံဖြစ်၍ ပြည်သူများအတွက် တည်ငြိမ်ပြီး အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ စတင်စမ်းသပ် လည်ပတ်သည့် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် ချိတ်ဆက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်၊ Power System Stability Improvement Devices များ တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊ ဓာတ်အား ပြတ်တောက်မှု Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံသုံး ပစ္စည်းများအား အမြဲမပြတ် စစ်ဆေးကြည့်ရှုသွားရန်နှင့် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်တို့အား မှာကြား ခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် လက်ဆောင် သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

            ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် CNTIC VPower KY3 Ltd. ၏ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်မောင်းနှင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဒေါက်တာကျော်စွာစိုးနိုင်က ဖြည့်စွက် ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စက်ရုံနှင့် စက်များ၏ Efficiency ကောင်းမွန်ရေး အလေးပေးဆောင်ရွက်ရန်၊ ဓာတ်အားပေးစက်များ အပြစ်ဖြစ်မှု လျော့နည်းပြီး သတ်မှတ်ချက် အတိုင်း မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များအား ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ကြီးများမှ ဓာတ်အား မောင်းနှင်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
12-Oct-2022