The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၁၆ ) ရက်

(ပြည်သူများအတွက် ရေအားလျှပ်စစ်အရင်းအမြစ်များအား အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်ရေး အလေးပေးဆောင်ရွက်)

            နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးရန် အတွက် ရေအားလျှပ်စစ်အရင်းအမြစ်များအား အကျိုးရှိစွာ ထုတ်ယူသုံးစွဲရေး အလေးပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ Generation Mix အတွင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် Reliable Backbone ဖြစ်နေသဖြင့် စက်ရုံရေရှည်တည်တံ့ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်နွေရာသီကာလ ပြည်သူများ၏ ဓာတ်အားလို အပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေလှောင်တမံအတွင်း ရေကြိုတင်စုဆောင်းရမည် ဖြစ်ကြောင်း၊ ယခု ရေပိုလွှဲမှ ရေလျှံကျရုံမျှ အနေအထားအတိုင်း ဓာတ်အားပေးစက်များအား ထိန်းညှိမောင်းနှင်ရမည်ဖြစ်ကြောင်း၊ တာဘိုင်၊ ဂျင်နရေတာများ၊ Transformer နှင့် Switchgear များ၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်ကာ ပြုပြင်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အစဉ်ကြိုးပမ်း စွမ်းဆောင်ရမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

            အောက်တိုဘာလ (၁၅) ရက်နေ့ မွန်းလွဲပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

            ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို စက်ရုံမှူး ဦးဆလိုင်းသောက်လျန်ထန်းက နိုင်ငံတော် ဓာတ်အား ကွန်ရက်စနစ်နှင့် ချိတ်ဆက်မှု အခြေအနေ၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ အမှတ် (၂) စက်၏ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ Transformer ချို့ယွင်းမှုအား အစားထိုးလဲလှယ်ခဲ့ရမှုနှင့် အမှတ် (၁) စက်၏ Rotor Copper Lead Bar နှင့် Excitation System ချို့ယွင်းမှု ပြုပြင်ခဲ့ရမှု အခြေအနေများ၊ ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက် နေမှုများ၊ ပြုပြင်မှု လုပ်ငန်းများကို စက်ရုံရှိ ဝန်ထမ်းများနှင့် အခြားသော စက်ရုံများမှ ဝန်ထမ်းများပူးပေါင်းလျက် အဓိကဆောင်ရွက်ခဲ့မှု၊ ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားမှု၊ ရေပိုလွှဲမှ ရေလျှံကျမှုများအား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း မှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

            ထို့နောက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ထိန်းသိမ်းရေးဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်ခိုင်က နိုင်ငံ၏ ဒုတိယမြောက် ကွန်ကရစ်တမံ (Roller Compacted Concrete-RCC) အမျိုးအစားဖြစ်သော အထက်ပေါင်းလောင်း ရေလှောင်တမံတွင် တမံ Monitoring နှင့် ထိန်းသိမ်းမှုလုပ်ငန်းများအတွက် တပ်ဆင် ထားသော စက်ပစ္စည်းကိရိယာများနှင့် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် တိုင်းတာနေမှု အခြေအနေ၊ တိုင်းတာမှု ရလဒ်များအရ လုံခြုံစိတ်ချ ဘေးကင်းစွာ တည်ရှိနေသည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက  ဤစက်ရုံ တည်ဆောက် ခဲ့ခြင်းကြောင့် ပေါင်းလောင်းစက်ရုံတွင် ရေသိုလှောင်နိုင်သည့် ကာလနှင့် ပမာဏတိုးတက် လာပြီး ဓာတ်အားပိုမိုထုတ်လုပ်လာနိုင်ခဲ့ကြောင်း၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းပြီးစီပါက ယခုထက် ပိုမိုအကျိုးရှိသည့် ပေါင်းလောင်း Cascade စီမံကိန်းများ ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

            တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်ရပါက နောင်တွင် ကိုယ်တိုင်ဆောင်ရွက်နိုင်အောင် လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း၊ သိုလှောင်ရေပမာဏကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှု ရှိရန်လိုအပ်ကြောင်း၊ တမံထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲမပြတ် စောင့်ကြည့်ထိန်းသိမ်း သွားရန်၊ လုံခြုံရေး အသိ၊ သတိရှိကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာ လှပရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အထက်/အောက် မိသားစု သဖွယ် ရင်းနှီးပြေလည်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နည်းပညာအသစ် များအား စဉ်ဆက်မပြတ်လေ့လာပြီး စည်းလုံးညီညွတ်သော အသိုက်အဝန်းဖြစ်အောင် ကြံဆောင်အားထုတ်ကြစေလိုကြောင်း မှာကြားသည်။

            ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် ဓာတ်အားပေး စက်ရုံ Ground Floor ရှိ Control Panel များအားလည်းကောင်း၊ B2 အထပ်ရှိ Turbine Room နှင့် Compressor Room များအားလည်းကောင်း၊ B3 အထပ်ရှိ Cooling Water System နှင့် Drainage System တို့အားလည်းကောင်း၊ F1 အထပ်ရှိ Control Room မှ ဓာတ်အားပေးစက်များ ထိန်းချုပ်မောင်းနှင်နေမှုများအားလည်းကောင်း စစ်ဆေးပြီး ဝန်ထမ်း များအား ဂုဏ်ပြုသစ်သီးခြင်း နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ စက်ရုံရှုရပ်မှနေ၍ ရေလှောင် တမံနှင့် ရေပိုလွှဲမှ ရေလျှံကျနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တမံအား စစ်ဆေးရာ တာဝန်ရှိသူများက တမံ၏ ကြံ့ခိုင်မှုအခြေအနေ၊  Dam Monitoring Instrument များ တပ်ဆင်ထားသည့် နေရာများ၊ တိုင်းတာမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက တိုင်းတာမှု ရလဒ်များကို စနစ်တကျ ခွဲခြမ်း စိတ်ဖြာသုံးသပ်ကာ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များအား မှာကြားသည်။

            အဆိုပါ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနား မြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး ရေလှောင်တမံမှာ ကွန်ကရစ်တမံ (RCC Dam) အမျိုးအစားဖြစ်၍ ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ  ၁၃၆၀၈၀၀ ဧကပေ သိုလှောင်နိုင်ပြီး နှစ်စဉ်စီးဝင်ရေ ၂၁၀၆၅၀၀ ဧကပေ စီးဝင်ကာ ပေါင်းလောင်း ရေလှောင်တမံမှတဆင့် စိုက်ပျိုးရေပေးဝေသော စိုက်ဧက ၂၁၁၂၁ ဧကသို့ ရေပေးဝေလျက် တပ်ဆင်အင်အားအနေဖြင့် (၇၀) မဂ္ဂါဝပ်၊ ဓာတ်အားပေးစက် (၂) လုံး၊ (၁၄၀) မဂ္ဂါဝပ်မှ (၁၆) မိုင်ရှိသည့် ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အား လိုင်းဖြင့် နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
19-Oct-2022