နေပြည်တော်၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ပါဝင်နေသဖြင့် နိုင်ငံတဝန်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးရန် ရရှိနိုင် သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM မှကိုယ်စားလှယ် နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း (၉-၁၂-၂၀၂၂)ရက်နေ့တွင် စီမံကိန်း လုပ်ငန်းနေရာများသို့ လေ့လာကြည့်ရှုမှုတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” မှကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ စူးစမ်းလေ့လာရေးဌာနခွဲနှင့် ဘူမိဗေဒဌာနခွဲတို့မှ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ဇီးရိုင်းကျေးရွာ၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ၊ ပေါင်းလောင်းရေလှောင်တမံအနီးရှိ မြေနေရာတို့အား အပူစွမ်းအင်ဆိုင်ရာစီမံကိန်းတို့နှင့်ဆက်စပ်သော ကျောက်သား Mechanic ဆိုင်ရာများလေ့လာခြင်း၊ ရေရရှိနိုင်မှုအခြေအနေ ၊ ငလျင်နှင့်ပြတ်ရွေ့များလေ့လာခြင်း၊ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ ၊ သဘာဝပါတ်ဝန်းကျင်အခြေအနေနှင့် လူမှုဘဝ နေထိုင်မှု အခြေအနေတို့ကို လေ့လာမှုပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ပေါင်းလောင်းရေလှောင်တမံ၌ ရေဝင်ရောက်မှုအခြေအနေ၊ တမံတည်ဆောက်ထားရှိမှုနှင့် တမံအမြင့်စသည်တို့အား လေ့လာပြီး စီမံကိန်းတည်ဆောက်မည့်နေရာနှင့် ပတ်သက်၍ မြေနေရာရွေးချယ်ဆောင်ရွက်မှုကို သက်ရောက် နိုင်မှုတို့အား လေ့လာကြည့်ရှုခဲ့ကြပါသည်။ ထို့အပြင် ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လုပ်၍ ထွက်ရှိလာသောရေများကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် ဖြစ်နိုင် ခြေရှိသော အသေးစားရေအားလျှပ်စစ် စီမံကိန်းနေရာကိုလည်း လေ့လာကြည့်ရှုခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံကာ လေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ အသေးစိတ် Seismic တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မိမိတို့မှပြုစုထားရှိသည့် တိုင်းထွာရရှိချက်များအားလည်းကောင်း၊ လျာထား စီမံကိန်းနေရာများ၏ ငလျင်ပြတ်ရွေ့ကြော အခြေအနေများအားလည်းကောင်း ၊ အသေးစားရေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်နိုင်မှုအခြေအနေများအားလည်းကောင်းသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကျွမ်းကျင်ပညာ ရှင်များအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။