The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (  ၁၇  ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန တောင်ငူပင်မ ဓာတ်အားခွဲရုံအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း၏ ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် တောင်ငူပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း၏ ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသူများက ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ စပါးကြွယ်-တောင်ငူဓာတ်အားလိုင်းနှင့် တောင်ငူပင်မဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား  ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေစဉ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အား (၁၅၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်၍ ဝန်အားလျော့ခြင်း ဆောင်ရွက်ထားရသည့်အတွက်  သတ်မှတ်ထားသည့်အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး တက်ညီလက်ညီဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဂရုပြုဆောင်ရွက် သွားရန်နှင့် ဓာတ်အားလိုင်းအနီးပတ်ဝန်းကျင်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များအား ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်ခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေ နှင့် Switch Yard အတွင်း ဓာတ်အားလိုင်းအဝင်/အထွက်ပြုလုပ်နိုင်ရေး Switch Bay များ တိုးချဲ့တပ်ဆင် တည်ဆောက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက် သွားရန်နှင့် ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင်လည်း  ဗို့အားပြည့်ပြည့်ဝဝဖြင့် အန္တရာယ်ကင်းရှင်းစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊  ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတဝှမ်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြုပြီး ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပေးအပ်သောတာဝန်များကို ကျေပြွန်စွာဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်သွားရန်လိုအပ်ကြောင်း၊ ဌာနကြီးမှူးများမှလည်း မိမိတို့ဌာနရှိ သတ်မှတ်ချက်နှင့် ပြည့်မီသောဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေးသွားရန်နှင့် ဝန်ထမ်းများ သက်သာချောင်ချိ ရေးအား အလေးထား၍ ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

    အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း တည်ဆောက် ရခြင်းသည် လက်ရှိအခြေအနေတွင် ရွှေလီနှင့်ရဲရွာရေအားလျှပ်စစ်စက်ရုံများမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ၂၃၀ကေဗွီ ဘဲလင်း-သပြေဝ ဓာတ်အားလိုင်းဖြင့် ၂၃၀ကေဗွီ သပြေဝခွဲရုံမှတဆင့် ၂၃၀ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့ဖြင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီးလိုင်းနှင့် ၂၃၀ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့တွင် ဝန်အားစီးဆင်းမှု အကန့်အသတ် ရှိသဖြင့် System Break Down မဖြစ်စေရေး ဓာတ်အားစနစ်အတွင်း ဝန်အားစီးဆင်းမှုကို ထိန်းညှိ၍ ပို့လွှတ် ခဲ့ရပါသည်။

   ယခင်က ၂၃၀ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံသို့ သပြေဝ-သာစည်-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်း၊ သောက်ရေခပ်(၂) ဓာတ်အားလိုင်း နှင့် ၂၃၀ကေဗွီ လောပိတ ဓာတ်အားလိုင်း (၃)လိုင်းမှ လျှပ်စစ်ဓာတ်အားကို လက်ခံရရှိပြီး တောင်ငူပင်မဓာတ်အား ခွဲရုံမှတဆင့် တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းနှင့် တောင်ငူ-ဖြူး-ကွန်း-သာယာကုန်း ဓာတ်အားလိုင်းတို့ဖြင့် ရန်ကုန်မြို့နှင့်  မြန်မာပြည်တောင်ပိုင်းဒေသများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးခဲ့ပါသည်။

   ယခုအခါတွင် ၂၃၀ကေဗွီ သပြေဝ(မိတ္ထီလာ)မှ ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ) ဓာတ်အားခွဲရုံသို့ ၂၃၀ကေဗွီ ဓာတ်အားလိုင်း (၁၄)မိုင် တည်ဆောက်ခြင်း၊ ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း (၁၄၆)မိုင် တည်ဆောက်ခြင်းနှင့် ၅၀၀ကေဗွီ စပါးကြွယ်(တောင်ငူ) ဓာတ်အားခွဲရုံမှ ၂၃၀ကေဗွီ တောင်ငူခွဲရုံအထိ ၂၃၀ကေဗွီ ဓာတ်အားလိုင်း(၁၀)မိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့်  တောင်ငူ ပင်မဓာတ်အားခွဲရုံတွင် ၂၃၀ကေဗွီ စပါးကြွယ်-တောင်ငူ ဓာတ်အားလိုင်း ချိတ်ဆက်နိုင်ရေး အတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား(၃၂၅)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

  ယခုလုပ်ငန်းများ ဆောင်ရွက်နေသည့် ၂၃၀ကေဗွီ စပါးကြွယ်-တောင်ငူ ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးပါက သပြေဝပင်မဓာတ်အားခွဲရုံမှ တောင်ငူပင်မဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီ ဓာတ်အားကို တိုက်ရိုက်ချိတ်ဆက်ပို့လွှတ်နိုင်မည်ဖြစ်သဖြင့် ယခင်က ဓာတ်အားထိန်းညှိ ပို့လွှတ်ခဲ့ရသည့် ၂၃၀ကေဗွီ သပြေဝ-တောင်တွင်းကြီးဓာတ်အားလိုင်းနှင့် သပြေဝ-သာစည်-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဝန်အားထိန်းညှိပို့လွှတ်စရာ မလို အပ်တော့ဘဲ ရွှေလီနှင့် ရဲရွာရေအားစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို တောင်ငူ ခွဲရုံမှတဆင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေသည့် ဓာတ်အား ပျောက်ဆုံးမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်သဖြင့် ပြည်သူများသို့ လျှပ်စစ် ဓာတ်အားပိုမို ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
17-Dec-2022