၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၃ ) ရက်
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အပါအဝင် ရနိုင်သမျှသောစွမ်းအင် အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေး အထူးအလေးထား၍ စီမံဆောင်ရွက် လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံတွင် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့်အခြေအနေတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၉)ညွှန်ကြား ရေးမှူး၊ ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ကညင်ရေလှောင် တမံဆိုင်ရာ အချက် အလက်များ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင် ထားရှိမှု၊ စိုက်ပျိုးရေ ဖြန့်ဖြူးပေးဝေမှုအခြေအနေ၊ အသေးစားရေအားလျှပ်စစ်နှင့် နေရောင်ခြည် စွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အကြိုစူးစမ်းလေ့လာမှု ပြုလုပ်ထားသည့် အခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များရရှိမှု အပေါ်အခြေခံ၍ သဘာဝ ပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရေအားနှင့် နေရောင် ခြည်စွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်သည့် စီမံကိန်းအသစ်များကို စဉ်ဆက် မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကညင်ဆည်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ခွင့်ပြုခဲ့သော အကြို ဖြစ်မြောက် နိုင်စွမ်းလေ့လာထားချက်များအရ ရေအားလျှပ်စစ်မှ (၉.၉)မဂ္ဂါဝပ် ရရှိနိုင်ပြီး နေရောင်ခြည် စွမ်းအင်မှ (၂၀)မဂ္ဂါဝပ်ခန့် ရရှိနိုင်သဖြင့် Hybrid Power System အရ စုစုပေါင်း (၂၉.၉)မဂ္ဂါဝပ်ခန့်ထွက်လာနိုင်မည်ဖြစ်သဖြင့်စီမံကိန်းတစ်ခုချင်းစီအလိုက် တိုင်းဒေသကြီး၏ အစီအစဉ်ဖြင့် အမြန်ဆုံးဆက်လက်ဆောင်ရွက်နိုင်ရန် နည်းပညာအရ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း အခြားသော အရင်းအမြစ်ဖြစ်သည့် လေအားလျှပ်စစ် စီမံကိန်းများကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာ မည် ဖြစ်သည့်အတွက် စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တို့အား မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကညင်ရေလှောင်တမံပေါ်သို့ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ အသေးစားရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး အကြိုစူးစမ်းလေ့လာမှု ပြုလုပ်ထားသည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကညင်ရေလှောင်တမံ ဆည်ရေသောက်စနစ်မှ နွေစပါးစိုက်ပျိုးရေ ပေးဝေရုံ သာမက အဆိုပါဆည်ရေကို အသုံးပြု၍ အသေးစားရေအားလျှပ်စစ်နှင့် နေရောင်ခြည် စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာ များအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးမည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။
ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး တိုင်း/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျောနည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်း တင်ပြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက ဖြည့်စွက် ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်ပေး နိုင်ရေး စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖျက်ဆီးထားသော လျှပ်စစ်ဓာတ်အားလိုင်းများကိုလည်း ပြုပြင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယခုကာလမှ စတင်၍ လာမည့် နွေရာသီကာလအထိ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆည်များသို့ ဝင်ရောက်နေသည့်ရေများကို စနစ်တကျသိုလှောင်၍ ထိန်းသိမ်းမောင်းနှင် ပေးလျှက်ရှိပါ ကြောင်း၊ ယခုအချိန်ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသည့် အတွက် ခွဲဝေရရှိသည့် ဓာတ်အားကိုမျှတစွာ ခွဲဝေဖြန့်ဖြူးသွားရန် လိုအပ်ပါကြောင်း၊ မီးသုံးစွဲသူ ပြည်သူများမှ မိမိတို့ရရှိသည့်အချိန်ကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ကျယ်ကျယ် ပြန့်ပြန့် ကြိုတင်အသိပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ အပြည့်အဝ ကောက်ခံရရှိစေရေး တိုင်း/ ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများမှ ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်း လုပ်ငန်းများကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။