The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (  ၂၉  ) ရက်

      လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည်  ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဓာတ်အားထိန်းချုပ်ခန်း အတွင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် ဓာတ်အားချိတ်ဆက် ပို့လွှတ်ပေးရန်အတွက် ပြည်ထောင်စုဝန်ကြီးမှ Control Panel အား စက်ခလုပ်နှိပ်၍ စတင်ပို့လွှတ်ပေးပြီး ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

    အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း တည်ဆောက်ရခြင်းသည် လက်ရှိအခြေအနေတွင် ရွှေလီနှင့် ရဲရွာရေအားလျှပ်စစ်စက်ရုံများမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို   ၂၃၀ကေဗွီ ဘဲလင်း-သပြေဝ ဓာတ်အားလိုင်းဖြင့် ၂၃၀ကေဗွီ သပြေဝခွဲရုံမှတစ်ဆင့် ဓာတ်အားပို့လွှတ်ရာတွင် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အား လိုင်းတို့တွင် ဝန်အားစီးဆင်းမှု အကန့်အသတ်ရှိသဖြင့် System Break Down မဖြစ်စေရေး ဓာတ်အားစနစ်အတွင်း ဝန်အားစီးဆင်းမှုကို ထိန်းညှိ၍ ပို့လွှတ်ခဲ့ရပါသည်။  

    ယခုအခါ သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အား ခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများသို့ လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းသက်သာပြီး ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

   ယခင်က ၂၃၀ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံသို့ သပြေဝ-သာစည်-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်း၊ သောက်ရေခပ်(၂) ဓာတ်အားလိုင်း နှင့် ၂၃၀ကေဗွီ လောပိတ ဓာတ်အားလိုင်း (၃)လိုင်းမှ လျှပ်စစ်ဓာတ်အားကို လက်ခံရရှိပြီး တောင်ငူပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းနှင့် တောင်ငူ-ဖြူး-ကွန်း-သာယာကုန်း ဓာတ်အားလိုင်းတို့ဖြင့် ရန်ကုန်မြို့နှင့်  မြန်မာပြည်တောင်ပိုင်းဒေသများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးခဲ့ပါသည်။

    ယခုအခါတွင် ၂၃၀ကေဗွီ သပြေဝ(မိတ္ထီလာ)မှ ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ) ဓာတ်အားခွဲရုံသို့ ၂၃၀ကေဗွီ ဓာတ်အားလိုင်း (၁၄)မိုင် တည်ဆောက်ခြင်း၊ ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း (၁၄၆)မိုင် တည်ဆောက်ခြင်း နှင့် ၅၀၀ကေဗွီ စပါးကြွယ်(တောင်ငူ) ဓာတ်အားခွဲရုံမှ ၂၃၀ကေဗွီ တောင်ငူခွဲရုံအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း(၁၀)မိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး ဖြစ်သဖြင့် သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အား ခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် စတင် ချိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

    ထို့ကြောင့် မြန်မာပြည်မြောက်ပိုင်းရှိ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို တောင်ငူခွဲရုံမှတစ်ဆင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်း ဒေသများသို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်သဖြင့် လျှပ်စစ်မီးရရှိသုံးစွဲသူ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုပို့လွှတ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
29-Dec-2022