The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၃  ခုနှစ်၊ ဖေဖော်ဝါရီလ(  ၃  ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော ထမနဲထိုး ပြိုင်ပွဲအား ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ၍ မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာ ပူပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန်  ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာအသင်းများအလိုက် ထမနဲထိုးယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုး ပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ စုစုပေါင်းအသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
03-Feb-2023