၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၂ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့၏ အရှေ့မြောက်ဘက် မိုင် (၂၀)ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁)တည်ဆောက်ရေးမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းရှုရပ်မှနေ၍ စီမံကိန်းဧရိယာ အတွင်း ပင်မတမံမြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရေလွှဲစနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီး/ကျောက်သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းအတွင်း အလယ်ပေါင်းလောင်း မြစ်ကူးတံတား တည်ဆောက်ပြီးစီးမှု အခြေ အနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ အဆိုပါ အလယ်ပေါင်းလောင်း မြစ်ကူးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အပ်ငွေလုပ်ငန်းစနစ်ဖြင့် တာဝန်ယူ တည်ဆောက်ပေးခြင်းဖြစ်ပြီး လုပ်ငန်း ၁၀၀ % ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်၌ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန် ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ရရှိ/သုံးစွဲမှု အခြေအနေများအား ရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် မှာကြားရာတွင် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် စီမံကိန်းလုပ်ငန်း တစ်ခုလုံးပြီးစီးမှု ၈ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း၊ အလယ်ပေါင်းလောင်း ရေအား လျှပ်စစ်စီမံကိန်းအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်း များသည် ၂၀၂၃ ခုနှစ် မတ်လမတိုင်မီ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သောကြောင့် စီမံကိန်း အား IPP/BOT စနစ်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် Notice to Proceed –NTP ထုတ်ပေးထားသည့် Pan Theingi Energy Co.,Ltd သို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် စနစ်တကျလွှဲပြောင်းပေးသွားရန်ဖြစ်ကြောင်း၊ Pan Theingi Energy Co.,Ltd မှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီအနေဖြင့် ယခုနှစ် ပွင့်လင်းရာသီ လက်ကျန်ကာလအတွင်း ဆောင်ရွက် နိုင်မည့် လုပ်ငန်းများဖြစ်သည့် စီမံကိန်းချဉ်းကပ်လမ်း အဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်း၊ ရေလွှဲရေထုတ်ပြွန် (Diversion Box Conduit) ဆက်လက် တည်ဆောက်ခြင်း လုပ်ငန်း၊ ပင်ပတမံမြေကြီး/ကျောက်သားတူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရေး အမြန်စီမံသွားရန်ဖြစ်ကြောင်း၊ ဆက်လက်၍ Pan Theingi Energy Co.,Ltd အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများစုဆောင်းခြင်း၊ ပင်မတမံ RCC တွင် အသုံးပြုမည့် ခွဲကျောက်စုဆောင်းထုတ်လုပ်ခြင်း၊ စီမံကိန်းအတွက် လိုအပ်သော စက်၊ယာဉ်၊ယန္တရားများ ပို့ဆောင်ခြင်းစသည့် လုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို စနစ်တကျ ပြုစုရေးဆွဲ၍ အမြန်တင်ပြသွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် အခက်အခဲများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တင်ပြသွားရန်နှင့် ဌာနအနေဖြင့်လည်း လိုအပ်သည် များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် RCC ကွန်ကရစ် ရေလှောင်တမံတည်ဆောက်ပြီး စုစုပေါင်းစက်တပ်ဆင်အင်အား(၁၆၆)မဂ္ဂါဝပ်ရှိ ဓာတ်အားပေး စက်ရုံ တပ်ဆင်တည်ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၅၉၂ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၈ % ခန့်ကို ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျန်လုပ်ငန်းများကို IPP/BOT စနစ်ဖြင့် Pan Theingi Energy Co.,Ltd မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ် တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။