The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (  ၂၅  ) ရက်

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မန္တလေး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ ကင်းတား(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်း၊ ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်သားမြို့နယ်ရှိ ကင်းတား(၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိရာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် ကုမ္ပဏီ တာဝန်ရှိသူတို့က နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ဓာတ်အား စမ်းသပ် ပို့လွှတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေသည်ကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ ဓာတ်အားပေးစက်ရုံစီမံကိန်းဧရိယာ၏ အနီးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရန်လိုပါကြောင်း၊ အနီးပတ်ဝန်းကျင် ကျေးရွာများအား လူမှုရေးတာဝန်သိမှုအနေဖြင့် လမ်းတံတားများ၊ စာသင်ကျောင်းများ အစရှိသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ကင်းတားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကျီတိုင်ကျေးရွာအနီးရှိ မြေဧရိယာ ၁၃၂.၃၅ ဧကပေါ်တွင်တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ (၃၀)မဂ္ဂါဝပ်ဖြစ်ကာ လက်ရှိအချိန်တွင် ၁၉ မဂ္ဂါဝပ်ခန့် စမ်းသပ်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းဖြင့် ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခုလုံးအနေဖြင့် (၉၀.၈) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကင်းတားဘက်စုံသုံး ရေလှောင်တမံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်ခန်းမ၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာက ကင်းတားရေလှောင်တမံဆိုင်ရာ အချက်အလက် များနှင့် ရေလှောင်တမံ၏ နှစ်စဉ်ရေသိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိုးလေဝသဆိုင်ရာ သတင်း အချက်အလက်များအား နေ့စဉ်လေ့လာစောင့်ကြည့်သွားရန်နှင့် ရေလှောင်တမံအတွင်းသို့ ရေဝင်ရောက်နိုင်မှုနှင့် ရေပေးဝေမှုအပေါ်မူတည်၍ ဓာတ်အားပေးစက်များ မောင်းနှင် နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် တမံ၏ကြံ့ခိုင်မှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ၎င်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်များ မောင်းနှင်နေမှုအခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက် ပို့လွှတ် ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ မှာကြားခဲ့ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ဂုဏ်ပြုထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

   ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သား မြို့နယ် ပန်းလောင်မြစ်ပေါ်တွင်တည်ရှိပြီး ရေလှောင်တမံအမျိုးအစားမှာ ကျောက်ဖြည့် တမံဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၂၈ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်(၂)လုံးဖြင့် စုစုပေါင်း ၅၆ မဂ္ဂါဝပ်ထွက်ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၆၅ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားများအား ၁၃၂ ကေဗွီ ကင်းတား-သာစည် ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသူများက  ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်သွားရန်၊ သတ်မှတ်စီမံကိန်းကာလအတွင်း ပြီးစီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ တည်ဆောက်ပြီးစီးပါက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်နိုင်စေရန် စီမံကိန်းကာလအတွင်း မိမိတို့ဝန်ထမ်းများအား ပူးတွဲဆောင်ရွက်သွားရန်နှင့် စီမံကိန်းဧရိယာအတွင်း လမ်းများကိုလည်း သတ်မှတ်ဝန်အားခံနိုင်သည့်လမ်းများအဖြစ် တည်ဆောက်သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများ ရောက်ရှိနေရာချထားမှု၊ Hybrid Gas Insulated Switchgear (HGIS) စတင်တပ်ဆင်နေမှု အခြေအနေများ၊ Shunt Reactor တပ်ဆင်နေမှု အခြေအနေနှင့် ဓာတ်အားထိန်းချုပ်ခန်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခု ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၃.၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
25-Feb-2023