The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၂) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများအတူ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့အနီးမှ ဖြတ်သန်းသွယ်တန်းတည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈နှင့် ၆၉ တာဝါတိုင် (၃)တိုင်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မိုးသက်လေပြင်း များတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝါတိုင်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသူတို့က တာဝါတိုင်များ ပြိုလဲပျက်စီး ဖြစ်ပေါ်ခဲ့မှု၊ လက်ရှိပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း တာဝါသံဘောင်များ တပ်ဆင်နေမှု၊ ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တာဝါတိုင်များ ပြန်လည်စိုက်ထူနိုင်ရေး Foundation လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး  ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေး အတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအား အမြန်ဆုံး ပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် လုံခြုံရေးအား ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

   အဆိုပါ ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းသည် လျှပ်စစ်ဓာတ်အား ၃၄၀ မဂ္ဂါဝပ်ခန့်အား သယ်ယူပို့ဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့ရွာ ဒေသများသို့ လျှပ်စစ်ဓာတ်အားများ ပို့လွတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတာဝါတိုင် (၃)တိုင် ပြိုလဲပျက်စီးသွားခဲ့၍ အဆိုပါဒေသများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံး(၄)ရုံးနှင့် မဟာဓာတ်အားလိုင်းမှူးရုံး(၃)ရုံးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၅၀ ဦးဖြင့် အဖွဲ့ (၃)ဖွဲ့ခွဲကာ ဓာတ်အားလိုင်းတာဝါတိုင် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း များအား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
23-Apr-2023