The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ မေလ (  ၁၈  ) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ (၁၈)ရက်နေ့တွင် စစ်တွေမြို့၌ သဘာဝဘေး အန္တရာယ် မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခြင်းပျက်စီးခဲ့မှုများမှ  ဓာတ်အား အမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်နေမှု၊ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ကျွမ်းကျင် ဝန်ထမ်းများနှင့် ပစ္စည်းများရောက်ရှိနေမှုနှင့် ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် မုတ္တမစစ်ရေယာဉ် နှင့်အတူ ရောက်ရှိလာသော ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများပြင်ဆင်ရန် ကျွမ်းကျင် ဝန်ထမ်း(၁၀၄)ဦး၊ မီးစက်များနှင့် စက်သုံးဆီများ ရောက်ရှိမှုအခြေအနေများအား သွားရောက် ကြည့်ရှုကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား မှာကြားခဲ့ပါသည်။

  ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့/အနောက်) နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရောက်ရှိလာသည့် ကျွမ်းကျင် ဝန်ထမ်း (  ၁၆၄  )ဦး အား ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တွေ့ဆုံပြီး လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သက်၍ မှာကြားခဲ့ကာ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်များနှင့် တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

   ၎င်းနောက် စစ်တွေမြို့ မေယုလမ်းမကြီးတစ်လျှောက်(စာတိုက်မှ နာရီစင်အထိနှင့် လောကာ နန္ဒာဘုရားမှ လေယာဉ်ကွင်းလမ်းဆုံအထိ) ဖြန့်ဖြူးရေးဓာတ်အားလိုင်း ပြုပြင်ဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးပြီး ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်ကာ  ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများ တည်းခိုနေထိုင်မည့်နေရာများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ၎င်းနောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)ရှိ လေဘေးကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ၊ ပစ္စည်းသိုလှောင်ရေး အဆောက်အဦများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး မှာကြား ကာ ဝန်ထမ်းများနှင့် မိသားစုများအား အားပေးစကားပြောကြားပြီး ဆတ်ရိုးကျတံတားနှင့် စစ်တွေ View Point အထိ ပျက်စီးဆုံးရှုံးမှုများမှ ပြင်ဆင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့သို့ ဓာတ်အားပေးထားသည့် ၆၆ ကေဗွီ ဓာတ်အားလိုင်းအမှတ်(၁)ရှိ ပြိုကျပျက်စီးနေသည့် တာဝါတိုင် အမှတ်(၄၂၁) အားဖြုတ်သိမ်းခြင်း၊ ပြုပြင်ခြင်းများဆောင်ရွက်နေခြင်းအား ကြည့်ရှုစစ်ဆေးကာ မေယုလမ်းမကြီး အတိုင်း(အစိုးရရိပ်သာမှ လောကာနန္ဒာဘုရားအထိနှင့် လေယာဉ်ကွင်းလမ်းဆုံမှ လေယာဉ်ကွင်း အထိ) ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား (၁၀၂၀) ဦးဖြင့် စစ်တွေ ၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်း ဒေသများတွင် အခြေပြု၍ အသီးသီးဖြန့်ခွဲကာ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍လည်း နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ  လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၂၀၉ ) ဦးအား ထပ်မံစေလွှတ်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ၊ မေလကုန်၊ ဇွန်လ ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ အလားတူ ပြင်ဆင်ခြင်းလုပ်ငန်းများအား  အချိန်မီပြုပြင် ပြင်ဆင်နိုင်ရန်အတွက် ထပ်မံလိုအပ်လျက်ရှိသော ကရိန်းယာဉ်(၄)စီး၊ အုပ်ချုပ်မှုနှင့် လုပ်ငန်းသုံး ယာဉ်(၈)စီး၊ ၁၂ မီတာ ကွန်ကရိတိုင်(၇၀၀)၊ ၁၅ မီတာ ကွန်ကရိတိုင် (၂၅၀) ၊ ၁၈ မီတာ ကွန်ကရိတိုင်(၅၀)နှင့် တာဝါ သံဘောင်နှင့်ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းသုံး ဆက်စပ်ပစ္စည်း(၆၀၇)တန်အား တပ်မတော် ရေယာဉ်၊ သင်္ဘောနှင့်မော်တော်ယာဉ်အသီးသီးဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး လိုအပ်လျက်ရှိသော ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
18-May-2023