The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၉ ) ရက်

                        လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင် ဦးကြည်သာ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်၊ ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း၊ မြစ်ရေ စီးဆင်းမှုအခြေအနေနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာအနီးရှိ  ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာသို့ရောက်ရှိပြီး တပ်မတော်စစ်ရေယာဉ်ဖြင့် ဧရာဝတီ မြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊ မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်း နေမှု ၊ ရေကြောင်းသွားလာမှု ၊ မြစ်ကမ်းပါး ဝဲ/ယာရှိ ဘူမိဗေဒအခြေအနေတို့အား ကြည့်ရှု စစ်ဆေးခဲ့ရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန်ရှိသူတို့က ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ ရန္တပို ကျေးရွာအနီးရှိ  ဧရာဝတီမြစ်၏ ရေလမ်းကြောင်း ၊ ရေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားချက်၊ ရေအတိမ်အနက်နှင့် မြစ်ရေထုထည်စီးနှုန်းအခြေအနေတို့အား ရှင်းလင်းတင်ပြကြပါ သည်။

          တင်ပြလာမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကြည့်ရှုပြီးခဲ့သည့် နေရာများအနက် ယခုနေရာသည် အကြိုစူးစမ်းလေ့လာမှုများ ဆောင်ရွက်ရန် ပိုမိုသင့်လျော်သည့်နေရာ ဖြစ်သောကြောင့် ဧရာဝတီမြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အပေါ် သက်ရောက်နိုင်မှုများအပေါ်အခြေခံ၍ အသေးစိတ်စူးစမ်းလေ့လာမှုများကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ချင်းတွင်းမြစ်သည် အနည်ကျမှုနှုန်း ပိုမိုများပြားသောကြောင့် ယခု ရန္တပိုနေရာမှာ  ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ၏ အထက်ဘက်တွင် တည်ရှိသဖြင့် ရေအရည်အသွေးကောင်းမွန်ပြီး အနည်ကျနှုန်း ပိုမိုနည်းပါးနိုင်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ပါက အခြားဧရာဝတီမြစ် အောက်ပိုင်းနေရာများထက် ပိုမိုအကျိုးရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အကြိုစူးစမ်းလေ့လာတိုင်းတာမှုများအနေဖြင့် မြေမျက်နှာသွင်ပြင်၊ ဇလဗေဒနှင့် ဘူမိဗေဒဆိုင်ရာလေ့လာမှုများအပြင် မြန်မာနိုင်ငံအထက်ပိုင်းဒေသ ဖြစ်သည့် အတွက် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် နီးကပ်စွာတည်ရှိနေသဖြင့် မြေငလျင်ဆိုင်ရာ လေ့လာ ဆန်းစစ်မှုများကို စတင်၍စူးစမ်းဆောင်ရွက်သွားရမည်ဖြစ်‌ကြောင်း၊ ထိုကဲ့သို့ စူးစမ်းလေ့လာ မှုများအား အဆင့်ဆင့်ဆောင်ရွက်ရာတွင် ရုံးတွင်းလေ့လာမှုနှင့် ကွင်းဆင်းလေ့လာမှု တို့ကိုပေါင်းစပ်၍  အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို စနစ်တကျစတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုမှ  ရရှိလာသော အချက်အလက် များအပေါ်အခြေခံပြီး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအား ထပ်မံအသေးစိတ် ဆောင်ရွက် သွားရမည်ဖြစ်သည့်အတွက် နိုင်ငံတကာ အတွေ့အကြုံရှိသည့် အတိုင်ပင်ခံအင်ဂျင်နီယာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မိမိဌာနမှ လူအင်အား အရင်းအမြစ်များကို စနစ်တကျ အသုံးချ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းတို့အား လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Jun-2023