The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ ဇွန်လ ( ၁၆ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အငယ်တန်းအင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် နှင့်အတူ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးအေးကျော်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် အငယ်တန်း အင်ဂျင်နီယာ(၂) ဝန်ထမ်း(၅၀)ဦးကို စာတွေ့၊ လက်တွေ့များနှင့်အတူ  (၂)ပတ်ကြာ ဖွင့်လှစ် ပို့ချခဲ့သည့်သင်တန်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေဖို့ ဓာတ်အားပေး စက်ရုံများကို ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ဓာတ်အားပေး စက်များ၏ အလုပ်လုပ်ပုံတို့ကို သင်တန်းကာလအတွင်း သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်း၊ ဘဏ္ဍာရေးဆိုင်ရာ၊ ပစ္စည်း ဖြည့်တင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း သိရှိနားလည်အောင် သင်ကြားပို့ချ ပေးခဲ့ပါကြောင်း၊ အင်ဂျင်နီယာဝန်ထမ်းများဖြစ်သည့်အတွက် အင်ဂျင်နီယာဆိုင်ရာပညာရပ်များ ကို တတ်ကျွမ်းနားလည်စေရန် အမြဲလေ့လာနေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရောင်းချမှုစနစ်များ  ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အခြေခံပညာရပ်များကို လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ပေးအပ်သည့် တာဝန်နှင့်ဝတ္တရားတွေကို အရည်အသွေးပြည့်ဝစွာဖြင့် တာဝန်ထမ်းဆောင် သွားနိုင်ဖို့ အစဉ်လေ့လာဆည်းပူးသွားကြပါလို့မှာကြားလိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း များနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့်သူများဖြစ်ရေး နေထိုင်ကျင့်ကြံ သွားကြရန်လိုကြောင်း နှင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစားအားထုတ် ဆောင်ရွက်သွားကြပါလို့ မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများ အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ၎င်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးထံပေးအပ်ခဲ့ကာ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Jun-2023