The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ  (၂၇) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး H.E. Dr. Nikolya Listopadov အား ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ပေးအပ်ခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဦးစွာပြောကြားခဲ့ပြီး ဆက်လက်၍ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်း ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြီးအကဲများအကြား ဆွေးနွေးဆောင်ရွက်ခဲ့မှုများအရ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် အခြေအနေများ၊ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့စဉ်ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအား လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံတွင်ရှိသော နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်စသည့် အရင်းအမြစ်များကို အသုံးပြု၍ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာစီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ရုရှားနိုင်ငံသံအမတ်ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံအကြားကဏ္ဍအစုံ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုများရရှိခဲ့ခြင်းနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့မှု များအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

   အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Jun-2023