The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန်လ ၂၈ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy Cooperation “Rosatom”) မှ ဒုတိယညွှန်ကြားရေးမှုးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ရုရှား ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၂၈ ရက်နေ့၌ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ရန်ကုန် နည်းပညာတက္ကသိုလ်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါ လက်ခံတွေ့ဆုံမှုတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom တို့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်ခဲ့သော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီ ရင်ခံစာအား Rosatom မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးအပ်ခဲ့ပါသည်။ ထို့အပြင် နျူကလီးယားအခြေခံအဆောက်အအုံ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Understanding in the field of Nuclear Infrastructure assemment and enhancement) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနနှင့် Rosatom တို့အကြား လက်မှတ်တိုအား ရေးထိုးခဲ့ပါသည်။

   ၎င်းနောက် လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီးမှ Rosatom မှ တာဝန်ရှိသူ များနှင့် ထပ်မံတွေ့ဆုံ၍ ရေအား၊ လေအားနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာကိစ္စရပ်များကို‌ ဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးမှ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး    အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ် ရေးထိုးခဲ့ပြီး၊ အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု အစီရင်ခံစာ သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လမ်းပြမြေပုံ (Road Map) ပါ ဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို ယုံကြည်ပါ ကြောင်း၊ လျှပ်စစ်ကဏ္ဍအတွက် ရုရှား-မြန်မာ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် စိန့်ပီတာစဘတ်စ်၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်အတွင်း ၁၅-၆-၂၀၂၃ ရက်နေ့တွင် လေအားလျှပ်စစ်စီမံကိန်းများအတွက် နားလည်မှုစာချွန် လွှာများ ရေးထိုးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ရေအားလျှပ်စစ်နှင့် အခြားအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ အကူအညီများရရှိနိုင်ရေးကို ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သဖြင့် မြန်မာပြည်သူလူထု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် Rosatom မှ ဒုတိယညွှန်ကြားရေးမှုးချုပ်က ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် ဖြစ်ပါကြောင်း လာရောက်ခဲ့သည့် အကြိမ်တိုင်းတွင် မိတ်ရင်းဆွေရင်း မိသားစုသကဲ့သို့ နွေးထွေးပျူငှာစွာ ကြိုဆိုသဖြင့် အဆွေတော်တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသဖြင့် ဂုဏ်ယူမိပါကြောင်း၊ ဆက်လက်၍ အပူစွမ်းအင်သုံး စီမံကိန်းများနှင့် အခြားစီမံကိန်းလုပ်ငန်းများအတွက် Rosatom မှ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိပါကြောင်း၊ MoU ရေးထိုးပြီးသော လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း လုပ်ငန်းကို တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားအလာကောင်းများစွာ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံတွင် Rosatom ၏ အခန်း ကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် Rosatom မှ တာဝန်ရှိသူများမှ Power Point များဖြင့် စီမံကိန်းလုပ်ငန်းများအတွက် အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ ညပိုင်းတွင် Rosatom မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
28-Jun-2023