The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ခုနှစ် ဇူလိုင်လ ၇ ရက်

   ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နေ့လည်ပိုင်း၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ အမြန်ဆုံးပြုပြင်တည်ဆောက်၍ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညိှနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုလို မုန်တိုင်းကာလအလွန်တွင် ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ကျေပွန်စွာကြိုးပမ်းထမ်းဆောင်ပေးကြသည့် နိုင်ငံ့ဝန်ထမ်းကောင်း များအား အထူးလေးစားဂုဏ်ပြုပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အတိုင်း ရခိုင်ပြည်နယ်ကို မူလအခြေအနေထက် ပို၍သာလွန်ကောင်းမွန်အောင်ဆောင်ရွက်ကြရန်၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြပေးကြရန် ပြောကြားသည်။

   ထို့နောက် စီမံရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ပစ္စည်းစီမံရေးဌာနနှင့် အင်ဂျင်နီယာဌာနတို့မှ ဝန်ထမ်းများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးသွားခဲ့သည့် မြို့နယ် (၁၀) မြို့နယ် ရှိသည့်အနက် မြို့နယ် (၈) မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်(၂)မြို့နယ်နှင့်ကျေးရွာများ အမြန်ဆုံးဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အသုံးပြုခဲ့သည့် စတိုပစ္စည်းလက်ခံရရှိမှု၊ အသုံး ပြုမှုနှင့် လက်ကျန်အခြေအနေများစာရင်းကို စနစ်တကျမှတ်တမ်းရေးသွင်း၍ စာရင်းစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ထားရန်၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ သတ်မှတ်ကာလအတွင်း မီတာ များပုံမှန်ဖတ်ရှုရေးနှင့်ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများ အား စနစ်တကျပြန်လည်သိမ်းဆည်း၍ မှတ်တမ်းထားရှိရန်၊ ကိုယ်စီတာဝန်များကျေပွန်စွာထမ်းဆောင် ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို ပေါင်းစပ် ညိှနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
07-Jul-2023