၂၀၂၃ခုနှစ် ဇူလိုင်လ ၁၉ ရက်
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင်ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းတွင် မင်းပြားမြို့သို့ ရောက်ရှိပြီး မင်းပြားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငွေကောက် ကောင်တာတွင် မီးသုံးသူပြည်သူများက လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် မြောက်ဦးမြို့သို့ရောက်ရှိရာ မြောက်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် မင်းပြားမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိ၍ ဝန်ထမ်းများ နှင့်တွေ့ဆုံရာ ယခုလို မုန်တိုင်းအလွန်ကာလတွင် ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ပေးကြသည့် ဝန်ထမ်းများအား အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း ၊ ဓာတ်အားခ ငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး ၊ စာရင်းတင်နိုင်ရေး သက်ဆိုင် ရာတာဝန်ရှိသူအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ ဓာတ်အားပျောက်ဆုံး မှုလျော့နည်းကျဆင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ် ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင် သွားရန် ၊ ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး မီးသုံးသူပြည်သူများက ငွေကောက်ကောင်တာတွင် ဓာတ်အားခ လာရောက်ပေးဆောင်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ညနေပိုင်းတွင် မြောက်ဦးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိ၍ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးနှင့် ဓာတ်အားခွဲရုံတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးသွားခဲ့သည့် မြို့နယ်(၁၀)မြို့နယ်အား ဓာတ်အားစနစ်မှဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း ၊ ကျန်ရှိသည့်ကျေးရွာများ အမြန်ဆုံး ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အင်တိုက်အားတိုက် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းရှင်းလင်းခြင်း ၊ စာရင်းပြုစုထိန်းသိမ်းခြင်းများ ဆက်လက်လုပ်ဆောင်သွားရန် ၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး ၊ လစဉ်မီတာများ မှန်ကန်စွာ ပုံမှန်ဖတ်ရှု စေရေးနှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ကြရန် ၊ ရုံးများ၌ စာရွက်စာတမ်းလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန် ၊ ပြည်သူများအားကိုးသည့် လျှပ်စစ်ဝန်ထမ်းဖြစ်စေရေး ၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာ နေထိုင်သွားကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။