၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၇ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လှော်ကား သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံနှင့် ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံများဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေး စက်ရုံများ၏ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်ငွေ့ရရှိသုံးစွဲမှု၊ ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေတို့အား လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက လှော်ကားပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးမှုဆိုင်ရာအခြေအနေများနှင့် ထရန်စဖော်မာများတိုးချဲ့ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေတို့အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကို စစ်ဆေးကြပ်မတ် ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ စက်ရုံများသည် BOT စနစ်ဖြင့် (တည်ဆောက် မောင်းနှင်လွှဲပြောင်း) ဆောင်ရွက်နေသော စက်ရုံများဖြစ်သည့်အလျောက် လွှဲပြောင်းသွားချိန် တွင် မိမိစက်ရုံကို ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်မှစတင်၍ နည်းပညာပိုင်း ဆိုင်ရာကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ စက်ရုံများအနေဖြင့် အသစ်မတည်ဆောက်နိုင်မီ ကာလတွင်ရှိပြီးသား စက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းပြုပြင် မောင်းနှင်နေရန် လိုအပ်ပါကြောင်း၊ စက်ရုံများအား ပုံမှန်ထုတ်လုပ်မောင်းနှင်နိုင်ရန် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ စီမံချက် ရေးဆွဲဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စက်ရုံမှူးများမှ မိမိတို့ ဝန်ထမ်းများ၏ အခက်အခဲနှင့် အုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက်များကို အမြဲမျက်ခြေမပျက် စောင့်ကြပ် ကြည့်ရှုပြီး ဆန္ဒဖော်ထုတ်ပွဲများကိုလည်း ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အလျောက် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် အညီကျင့်ကြံနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဝန်ထမ်းများအတွက် စရိတ်များကို ကာမိစေရန် အပိုထောက်ပံ့ကြေး (၃၀၀၀၀/-) ကို ထပ်မံချီးမြှင့်ထားပြီးဖြစ်၍ မိမိတို့၏ဝင်ငွေနှင့်ထွက်ငွေကို ထိန်းညှိသုံးစွဲတတ်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ များတွင်နေထိုင်သော ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ အိမ်ရာများကို မပျက်စီးအောင်စနစ်တကျ ထိန်းသိမ်းနေထိုင်ပြီး လူနေထိုင်ခြင်း မရှိသော အိမ်ခန်းများ ကိုလည်း ထိန်းသိမ်းနိုင်ရန် ပူးတွဲတာဝန်ပေးအပ်ထားရန် လိုအပ်ပါကြောင်း၊ မိသားစု ဝင်ငွေကို တဖက်တလမ်းမှဖြည့်ဆည်းနိုင်ရန် တပိုင်တနိုင် စိုက်ပျိုး မွေးမြူရေးကိုလည်း ဆောင်ရွက်သွားရန်နှင့် အိမ်ခန်းများဝန်းကျင် အမြဲသန့်ရှင်းနေအောင် ချုံနွယ်ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်း သွားကြရန် လိုအပ်ပါကြောင်းနှင့် လုံခြုံရေးသတိ လုံခြုံရေးအသိအမြဲရှိစေရေး ဂရုပြုနေထိုင်သွားရန်တို့အားမှာကြားခဲ့ပြီး စက်ရုံများရှိ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားထိန်းချုပ် ခန်းများအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ပေးနေမှုနှင့် ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်မှုအခြေအနေတို့အား လည်းကောင်း၊ Myanmar Central Power Co.,Ltd နှင့် UPP POWER (MYANMAR) LIMITED တို့၏ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေ တို့အားလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။