၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားဖြန့်ဖြူးရေး ဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အရာထမ်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်သည့်အလျောက် ပြည်သူလူထု ထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးတို့ကို စီမံဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အလားတူ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် စီမံကိန်းလုပ်ငန်းများကိုလည်း သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်စီမံဆောင်ရွက် လျက်ရှိသကဲ့သို့ လက်ရှိဖြန့်ဖြူးနေသော လျှပ်စစ်ဓာတ်အားများကိုလည်း လျော့နည်းပျောက်ဆုံးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ၎င်းအပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မီတာဘေလ် ငွေကောက်ခံမှုနှင့် ရရှိရန်ရှိသည့် ဓာတ်အားခကြွေးကျန်များအား စနစ်တကျကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေ သုံးစွဲမှုများနှင့် စပ်လျဉ်း၍ ၂၀၂၃-၂၀၂၄ ဘတ်ဂျက်ခွဲဝေရရှိမှုအပေါ် ကျန်ရှိသော ဘတ်ဂျက် ကာလ (၃) လအတွင်း သုံးစွဲမှုများအား လျာထားချက်ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များကို ဘတ်ဂျက်လျာထားချက် အတိုင်း အလေအလွင့်မရှိ စိစစ်သုံးစွဲနိုင်ရေး တွန်းအားပေးကြီးကြပ်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မိမိတို့ရုံးနှင့် အိမ်ထောင်သည်လိုင်းများဝန်းကျင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျဆောင်ရွက်ထားရန်နှင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တာဝန်ခံအရာထမ်းများသည် အကြီးအကဲများဖြစ်သည့် အလျောက် မိမိလက်အောက်ရှိ ဝန်ထမ်းများကို လုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျောက် နိုင်ငံ့ ဝန်ထမ်းဥပဒေများအတိုင်း မိမိကိုယ်ကိုမိမိ ထိန်းသိမ်းပြီး ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံကြရန်နှင့် ဝတ်စားဆင်ယင်မှုများအား ဌာနမှသတ်မှတ်ထားသည့်အတိုင်း သပ်ရပ်စွာ ဝတ်ဆင်နေထိုင်ကြရန် လိုအပ်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။