The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၈)ရက်

   အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee - NREC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဉပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြား ရာတွင် နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး၊ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးသည့် ပြန်ပြည့်မြဲစွမ်းအင်(Renewable Energy) ကို တိုးမြှင့်အသုံးပြု နိုင်ရေးသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၀ ၊ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၁၆၂/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်က NREC ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ် (National Grid)နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများအကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိပြီး၊ အသေးစားဆိုလာစနစ်များ၊ နေအိမ်သုံးဆိုလာစနစ်များ၊ မြစ်ရေတင်သုံးဆိုလာစနစ်များ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ စွမ်းအင်ထိရောက် အကျိုးရှိစွာ အသုံးပြုရေးဆိုင်ရာလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာဆန်းစစ်ချက်များ၊ လျှပ်စစ်သုံးမော်တော်ယာဉ်များ တွင်ကျယ်စွာ အသုံးပြုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဆောင်ရွက်ချက်များကို ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကဏ္ဍပေါင်းစုံလွှမ်းခြုံပါဝင်သည့် National Renewable Energy Committee(NREC) ကို ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ် နှင့်ပြန်ပြည့်မြဲစွမ်းအင်တို့ကို ဦးစားပေးဆောင်ရွက်သွားရန် လမ်းညွှန်ထားရှိပါကြောင်း၊ ယင်းသို့ လမ်းညွှန်ချက်နှင့်အညီ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိ‌ရေးအတွက် ပြန်ပြည့်မြဲစွမ်းအင်များကိုသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေပြီး ဓာတ်အားစနစ်တည်ငြိမ်မှုကို အဟန့်အတား မဖြစ်ပေါ်စေရေး မဟာဗျူဟာကျကျ ထိန်းသိမ်း ကွပ်ကဲဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ % ခန့် တိုးတက်လျက်ရှိရာ လက်ရှိဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ် အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower)မှ ၄၇.၆ %၊ နေရောင်  ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁.၇ % ၊ အပူစွမ်းအင် (Gas+ LNG+ Coal)မှ ၅၀.၇ % ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှုအချိုး (Electrification Ratio)မှာ ၆၆.၆၇% ကျော် ရရှိသုံးစွဲနေကြပြီဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားပြီးသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၆ ရုံ ရှိပြီး တည်ဆောက်ဆဲစီမံကိန်း ၁၁ ခု ရှိပါကြောင်း၊ NREC ကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲ စွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် Green Growth, Green Energy, Green Economy ဖြစ်စေရေးတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကို နည်းပညာအသစ်ဖြင့် ဆောင်ရွက်မှုအရ ထုတ်လုပ်မှုစွမ်းအားနှင့် စျေးနှုန်းသင့်လျော်မှုရှိခြင်း တို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှု များဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဆိုပါက ပြန်ပြည့်မြဲစွမ်းအင်၏ အချိုးအစားသည် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် NDC အရ Conditional Target ကို ပြည့်မီစေရန် စိန်ခေါ်မှုများနှင့် အတားအဆီး အချို့ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက် အပံ့များ၊ နည်းပညာဆိုင်ရာပံ့ပိုးမှုများနှင့် လူသားအရင်းအမြစ်များ အရေးတကြီး လိုအပ် ပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရ၏ အဆိုပြုချက်အရ International Solar Alliance-ISA Framework Agreement ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အဓိကတာဝန်ခံအဖွဲ့အစည်း အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဇူလိုင်လတွင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာကော်မတီ ဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေး၊ အောက်တိုဘာလတွင် (၆)ကြိမ်မြောက် ညီလာခံနှင့် သန့်ရှင်းသော စွမ်းအင်ကူးပြောင်းမှုအတွက် နည်းပညာသစ်များ‌ ဆိုင်ရာ အဆင့်မြင့်ညီလာခံသို့ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း၊ ISA ၏ Vision ဖြစ်သည့် “One Sun One World One Grid” ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ISA တွင် ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများအနက်မှ Capacity Building Program များ ကိုလည်း ဆက်စပ်ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ ထပ်ဆင့်မျှဝေ အသိပေးသွားမည်ဖြစ်ပါ ကြောင်း၊ တက်ရောက်လာကြသော အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဌာန၊ အဖွဲ့အစည်းများတွင် ပြန်ပြည့်မြဲစွမ်းအင် ဆောင်ရွက်ထားရှိမှုများကို ထပ်ဆင့်မျှဝေပေးကြရန်နှင့် ‌ကော်မတီ၏ ရည်မှန်းချက် အောင်မြင်စေရန် ဝိုင်းဝန်းအကြံပြု ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊  သို့ပါ၍ တက်ရောက်လာသည့် ကော်မတီဝင်များ၏ ဆွေးနွေးမှုများမှ NREC ကော်မတီ၏ အနာဂတ်ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ကောင်းမွန်သောရလဒ်များ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ အတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် NREC အထောက်အကူပြု လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြပါသည်။

   ဆက်လက်၍ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့်ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
08-Feb-2024