နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၀ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ပေါင်းလောင်းဓာတ်အားပေး စက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ဒက္ခိဏသီရိ မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပစ္စည်းစီမံရေးဌာန(စတို)၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၊ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ ဆိုင်ရာအချက်အလက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ဓာတ်အားပေးစက်များ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နှစ်အလိုက်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာ၌ ဓာတ်အားပေးစက် (၂) လုံးအား ပြင်ဆင်ပြီး ဖြစ်ပြီး လက်ရှိ ဓာတ်အားပေးစက် (၁) လုံး ပြင်ဆင်နေဆဲကာလများတွင် လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် စုဆောင်းထားရှိသည့် ရေများကိုအကျိုးရှိစွာ အသုံးပြုပြီး စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ်ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ မကြာမီကာလတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုချိန် ရောက်ရှိတော့မည်ဖြစ်၍ စာကျက်ချိန် ကာလ များတွင် လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် အတွက် မိမိတို့တာဝန်ကျချိန်များတွင် စနစ်တကျ ထိန်းသိမ်းမောင်းနှင်ရန် လိုအပ်ပါကြောင်း၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ အိမ်ရာများ တွင်လည်း လူနေထိုင်ခြင်းမရှိသည့် အိမ်ခန်းများကို ပျက်စီးမှုမရှိစေရေး ၎င်းအိမ်ခန်း အနီးရှိ နေထိုင်သူဝန်ထမ်းများကို ထိန်းသိမ်းနိုင်ရေး တာဝန်ပေးအပ်ထားရန် လိုအပ်ပါကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် လုံခြုံရေးအဆင့်စီစဉ်ထားရန် လိုအပ် ပါကြောင်း၊ စက်ရုံမှူးမှ မိမိ၏ဝန်ထမ်းများကိုလည်း အမြဲမျက်ခြေမပြတ် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးသကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအား လိုက်နာ၍ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဝန်ထမ်းများ အနေဖြင့် မိမိတို့၏လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စေတနာထား၍ လုပ်ဆောင်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ချီးမြှင့်ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဓာတ်အားပေးစက်ရုံရှိ တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားပေးစက် အကြီးစားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းလောင်းတမံ ရေပိုလွှဲတွင် နှစ်စဉ်မိုးရေဝင်ရောက်မှုကို (၂၁၀၀၀) ဧကပေ ပိုမိုစုဆောင်း ထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညှိနှိုင်းအဆိုပြုလာမှုအရ ပေါင်းလောင်းတမံ ရေပိုလွှဲတွင် အလျား (၁၄၀.၅) မီတာ ၊ (၁.၅) မီတာအမြင့် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းအားဖြင့် မူလကန်ရေပြည့် ရေလှောင်ပမာဏ(၅.၄၉)သိန်း ဧကပေမှ (၅.၇၀) သိန်းဧကပေအထိ ရေလှောင်ပမာဏ (၂၁၀၀၀) ဧကပေခန့် ပိုမိုသိုလှောင်ပြီး မူလနှစ်စဉ် လျှပ်စစ်ထုတ်လုပ်မှုယူနစ် (၉၁၁) သန်းမှ ယူနစ် (၉၁၉) သန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လျှပ်စစ်ယူနစ် (၈) သန်း ပိုမိုထုတ်လုပ်နိုင်ခြင်း၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (MNCOLD)ထံ တွေ့ဆုံဆွေးနွေး အကြံဉာဏ်များရယူခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန Irriguation Technical Authority (ITA) အစည်းအဝေးတွင် တင်ပြဆွေးနွေး ဆုံးဖြတ်ချက်များ ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ရေပိုလွှဲအား(၁.၅)မီတာ ထပ်မြှင့်ခြင်းကြောင့် ပေါင်းလောင်း ရေလှောင်တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှုအား ထိခိုက်မှုမရှိကြောင်း တွက်ချက်ရရှိခဲ့ပါသည်။ ပေါင်းလောင်း ရေပိုလွှဲ HED တပ်ဆင်ခြင်းလုပ်ငန်းအား ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပြီး ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးရန် လျာထားဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဂိတ်တံခါး တပ်ဆင်ခြင်းလုပ်ငန်း (၅၉%) ပြီးစီးမှုအခြေအနေ၊ တမံ၏ကြံ့ခိုင်မှုအခြေအနေနှင့် ဝန်ထမ်း အိမ်ရာလိုင်းခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပစ္စည်းစီမံရေးဌာန(စတို)သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး မီးသတ်အထောက်အကူပြုပစ္စည်းများအား အသင့်ဖြစ်နေစေရေး စီမံထားရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ပြုလုပ်ထားရန်လိုအပ်ပါကြောင်း၊ စတိုတွင်းထားသိုမှုများ ကိုလည်း သတ်မှတ်ထားမှုအတိုင်း ဆောင်ရွက်ရန်နှင့် စာရင်းရေးသွင်းမှုကို အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ပါကြောင်း၊ အထက်မြန်မာပြည်တွင် အသုံးပြုမည့် မီတာများအတွက် မီတာ စမ်းသပ်မှုများပြုလုပ်ရန် စမ်းသပ်ကိရိယာများရောက်ရှိနေပြီဖြစ်ပါ၍ ဆက်လက်ပြီး ၎င်းလုပ်ငန်း စဉ်များအတိုင်း ဆောင်ရွက်နိုင်ရန် ပစ္စည်းလိုအပ်ချက်၊ လူလိုအပ်ချက်များတွက်ချက်၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးပြုလုပ်ရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး ပစ္စည်းစီမံရေး ဌာန(စတို)အတွင်း ထိန်းသိမ်းထားရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဓာတ်အားခွဲရုံများနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများအတွက် အသုံးပြုရန် စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိနေရာချထားမှုနှင့် နေပြည်တော်တွင် မီတာများ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် စက်ကိရိယာများ တပ်ဆင်ထားမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။