The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ၊ မတ်လ ( ၈ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တည်ဆောက်ပြီး နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ (၆) ခုနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း (၉) ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် တည်ဆောက်ပြီးနေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ (၆) ခုနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၉) ခုတို့၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့နှင့်ပတ်သက်၍  နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် မိမိတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးခေါ်ယူ ရခြင်းဖြစ်ပါကြောင်း၊ လက်ရှိ ၂၀၂၄ ခုနှစ်၊ နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇.၆ %၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁.၇ % ၊ အပူစွမ်းအင် (Gas + Coal) မှ ၅၀.၇ % ဖြစ်ပါကြောင်း၊ National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ ၃,၀၇၀ မဂ္ဂါဝပ် (၁၇) % အထိ ဆောင်ရွက်ရန် လျာထား ပါကြောင်း၊ သန့်ရှင်းသောစွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အားစနစ်၏ အခြေခံဝန်အား (Base Load) အနေဖြင့် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားပင်မစီမံချက် (National Electricity Master Plan) ၏ နှစ်အလိုက်ဓာတ်အားလိုအပ်ချက် တိုးတက်လာမည့် အခြေအနေများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုသည် (၉) ရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ (၅၀၀) မဂ္ဂါဝပ်ခန့် တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူး ပေးနိုင်ရေး စွမ်းအင်အရင်းအမြစ်ပေါင်းစုံမှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းသည် နိုင်ငံတော် ဓာတ်အားစနစ်အတွက် အခြေခံဝန်အား (Base Load) အဖြစ် ထုတ်လုပ်ပေးနိုင်ခြင်း မရှိသော်လည်း အခြားစွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ခြင်းထက် တည်ဆောက်မှုကာလ တိုတောင်းသည့် အတွက် နိုင်ငံတော်အတွက် လိုအပ်သည့်ဓာတ်အားကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်သည်ကို တွေ့ရှိရပါကြောင်း၊  သို့ပါ၍ နိုင်ငံတော်နှင့် ပြည်သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေး ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင် များအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရန်နှင့် မိမိတို့မှလည်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးရန်အတွက် ပွင့်ပွင့်လင်းလင်းတင်ပြကြရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အကျိုးအမြတ်တစ်ခုတည်းကို မစဉ်းစားဘဲ နိုင်ငံတော်အတွက် လိုအပ်ချက်ကိုလည်း  ဝိုင်းဝန်းဖြည့်ဆည်းပေးပြီး နှစ်ဘက်အကျိုးရှိသည့် လုပ်ငန်း စဉ်များကို စဉ်းစားပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ် ရေးသည် များစွာအရေးပါလျက်ရှိပါကြောင်း၊ ထိုသို့အရေးပါသော လျှပ်စစ်ဓာတ်အားကို တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံတွင် နေရောင်ခြည်ကောင်းစွာရရှိသဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်အတွက် နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိကကုမ္ပဏီများမှလည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုမ္ပဏီများ အနေဖြင့် မိမိတို့၏ အကျိုးစီးပွားနှင့်အတူ နိုင်ငံအတော်အကျိုးအတွက်ပါ ထည့်သွင်းစဉ်းစား၍ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အဆင်မပြေမှုများ၊ လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်းတင်ပြကြရန်လိုအပ်ပြီး ထိုသို့တင်ပြမှသာ အခက်အခဲများအားသိရှိပြီး အားလုံးဝိုင်းဝန်းပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနိုင် မည်ဖြစ်ပြီး လုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  ဆက်လက်ပြီး တည်ဆောက်ပြီးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၆) ရုံနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၉) ခုတို့မှ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ ရသည့် လုပ်ငန်းအခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည့် ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဦးစီးအရာရှိ (စက်/လျှပ်)၊ လက်ထောက်အင်ဂျင်နီယာ၊ လက်ထောက်မန်နေဂျာ (အင်/ယာ)၊ ဒု-ဦးစီးမှူး (စက်/လျှပ်)၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ကို စာတွေ့/လက်တွေ့၊ လေ့လာရေးခရီးစဉ်များနှင့်အတူ (၅) ပတ်ကြာ သင်တန်းဖွင့်လှစ်ပို့ချပေးပြီးဖြစ်ကြောင်း၊ သင်တန်းကာလတိုအတွင်း အရာအားလုံး ပြည့်စုံစွာ သိရှိနိုင်မည်မဟုတ်သော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် နည်းပညာနှင့် လက်တွေ့ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိအမြင်ဗဟုသုတကြွယ်ဝစေရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိရေးနှင့် နိုင်ငံတကာနှင့် အင်ဂျင်နီယာပညာရပ်များ ရင်ဘောင်တန်း၍ တီထွင်အသုံးချ ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဌာနများသို့ ပြန်လည်ရောက်ရှိသည့်အခါ ပေးအပ်သည့်တာဝန်များကို ဥပဒေ၊ နည်းဉပဒေနှင့် လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် ဘက်စုံတော်၍ ပြည်သူ ချစ်သော ဝန်ထမ်းကောင်းများဖြစ်လာရန် ကြိုးစားကြရန်နှင့် လျှပ်စစ်အင်ဂျင်နီယာကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစားအားထုတ် ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား တာဝန်ရှိသူအသီးသီးတို့မှ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
08-Mar-2024