The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကလောမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးမှုနှင့် လက်ရှိပြုပြင်တည်ဆောက်ဆဲလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခြင်း၊  တောင်ကြီးမြို့ရှိ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံမှ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုကို ကြည့်ရှုစစ်ဆေးခြင်းနှင့် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်သို့ ရောက်ရှိပြီး ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့်အတူ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ၃၃ ကေဗွီ ‌ရေပေါင်းဆုံ (ပြည်ညောင်) - နမ့်ပန်တက် ဓာတ်အားလိုင်းရှိ ဓာတ်အားဖြန့်ဖြူးရေးတိုင် (၁၄၄)တိုင် ရေတိုက်စားပြီး ယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိပြုပြင်တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အတွင်း ဓာတ်အားအမြန်ပြန် လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေရှည်ကိုမျှော်တွေး၍ ရေလမ်းကြောင်းကင်းလွတ်ရာ နေရာ များကို ရွေးချယ်၍ ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်သွားရန်၊ ဆယ်တင်ပစ္စည်းများ ရရှိရေးဆောင်ရွက်သွားရန်၊ ဆယ်တင် ပစ္စည်းများအား သတ်မှတ်အရည်အသွေး ကိုက်ညီမှု ရှိမှသာ ပြန်လည်အသုံးပြုရေး၊ ဓာတ်အား ဖြန့်ဖြူးမှုအား မူလအခြေအနေအတိုင်း အမြန် ပြန်လည် ဖြန့်ဖြူးမှု ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများအား စနစ်တကျ မှတ်တမ်းတင် စာရင်းပြုစုဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့သို့ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ကလောမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီး ခဲ့သည့် ၁၁ ကေဗွီ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ်ဖြန့်ဖြူးထားမှု အခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ ဓာတ်အားလိုင်းများအား ရေရှည်အသုံးပြုနိုင်ရေး လိုအပ်သည့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓာတ်အားခွဲရုံ Switch Yard ခြံစည်းရိုးအုတ်တံတိုင်း၊ ရေမြောင်းနှင့် မြေတားနံရံများ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ပြီး မြေတားနံရံများ ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ရေထွက်ပေါက်ထည့်သွင်းတည်ဆောက်သွားရန်နှင့် သဘာဝဘေးဒဏ်ခံနိုင်ရေး သတ်မှတ်စံချိန် စံညွှန်းပြည့်မီအောင် စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာ များ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးနေမှုအခြေအနေတို့အား လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ   ၁၃၂ ‌ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ၁၃၂ ကေဗွီ နမ့်စန်-တောင်ကြီး ဓာတ်အားလိုင်း (၅၃.၇) မိုင်နှင့် ဆက်စပ် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း များ (၆၈ %) ဆောင်ရွက်ပြီးစီးမှု၊ ၁၃၂ ကေဗွီ အထက်ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်း (၃၇)မိုင်နှင့် ဓာတ်အားခွဲရုံတိုးချဲ့ခြင်း စီမံကိန်း (၉၃%) ဆောင်ရွက်ပြီးစီးမှု၊ တောင်ကြီး ဓာတ်အားခွဲရုံအတွင်း Switch Bay တိုးချဲ့တည်‌ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်  ဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပင်မဓာတ်အားလိုင်းများ၏ တာဝါတိုင် ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ခြင်း လုပ်ငန်းများအား အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး တွန်းအားပေး ဆောင်ရွက်သွားရန်မှာကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ Switch Bay တည်‌ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် Switch Yard အတွင်း လက်ရှိဓာတ်အား လိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးနေမှု အခြေအနေတို့အား လှည့်လည် ကြည်ရှုစစ်ဆေးခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံရာတွင်  ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ပြုပြင် တည်ဆောက်မှု အခြေအနေများနှင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မြို့နယ်များ အတွင်း ဓာတ်အားခ ကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင် ဓာတ်အားရယူ သုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့် ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားရန် လိုအပ်ပြီး ဝန်ထမ်းများ၏ဆောင်ရွက်မှုများအပေါ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများမှ အဆင့်ဆင့်စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  မိမိတို့ ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထုလေးစားရသော ဝန်ထမ်းများဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန်၊ ဌာနတာဝန်ခံများအနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ် အဆင့်၊ ခရိုင်အဆင့်မှသည် ပြည်နယ်အဆင့်အထိ လစဉ်ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ် ပေးသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
13-Oct-2024