နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၄) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် ၊ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် မန္တလေးငလျင်ကြီးကြောင့် အင်းလေး ဒေသ ကျေးရွာများအတွင်းရှိ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်း ရှုရပ်မှနေ၍ စီမံကိန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်း အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်းဧရိယာ အတွင်းရှိ ရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေသွယ်မြောင်းနှင့် ရေထိန်းကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်း အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းအား အမြန် ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ကွန်ကရစ်တမံ (Overflow Type) တည်ဆောက်ပြီး အမှတ် (၁)စက်ရုံမှ (၂၀.၄) မဂ္ဂါဝပ်နှင့် အမှတ် (၂)စက်ရုံမှ (၁၀) မဂ္ဂါဝပ် စုစုပေါင်း စက်တပ်ဆင် အင်အား (၃၀.၄) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ (၂)ရုံ တည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း အမှတ် (၁)စက်ရုံမှ ၉၀.၁ သန်းနှင့် အမှတ်(၂) စက်ရုံမှ ၄၄.၃ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိ အချိန်တွင် စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏ ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ ရောက်ရှိပြီး စက်လှေဆိပ်၌ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် အင်းလေးဒေသကျေးရွာများအတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားသော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် ပြုပြင်ရန်ကျန်ရှိသည်များအား သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားခဲ့သည့် အင်းလေးဒေသ၊ ကြာတောကျေးရွာ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေများ၊ ပြုပြင်ဆောင်ရွက်ရန် ကျန်ရှိ နေသည့် ကေလာကျေးရွာနှင့် အုန်းပင်ကျေးရွာတို့၌ ပျက်စီးသွားသည့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများအား ညောင်ရွှေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကျွမ်းကျင်ဝန်ထမ်းများမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ် ခဲ့ပြီး ဓာတ်တိုင်များအား တည့်မတ် ခိုင်ခံ့ညီညာစွာ စိုက်ထူသွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန်၊ ပြုပြင်ဆောင်ရွက်ပြီးစီးသည့် ကျေးရွာများသို့ ဓာတ်အားအမြန် ဖြန့်ဖြူးပေးသွားရန်နှင့် ကျန်ရှိသည့် ကျေးရွာများအား ဓာတ်အားအမြန် ပြန်လည်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများအား အမြန်ပြုပြင်ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ထို့နောက် အင်းလေး ဖောင်တော်ဦး ဘုရားသို့ ရောက်ရှိပြီး ဖောင်တော်ဦးဘုရားအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီး အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အင်းလေးဖောင်တော်ဉီးဘုရား၏ ပင်မကျောင်းဆောင် ဒေါက်တိုင်များ ပြုပြင်ဆောင်ရွက်နေမှု၊ ဝရန်တာနှင့် အခြားချို့ယွင်းပျက်စီးသွားမှုများကို ပြန်လည် ပြုပြင်ရန် ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ ကျေးရွာ (၃၂၁) ရွာသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော် မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ ယာယီဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားအမြန် ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ညောင်ရွှေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာပေါင်း (၃၁၉)ရွာသို့ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများအား ဓာတ်အားအမြန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။