The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်း တည်ဆောက်မည့်အခြေအနေ၊ ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးပေါင်းစပ်စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်း တိုင်များ ရွှေ့ပြောင်းတည်ဆောက်မည့် အခြေအနေ၊၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဥတိုနေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးပေါင်းစပ်စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ မြို့နယ်သို့ ရောက်ရှိပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်းတည်ဆောက်မည့် အခြေအနေများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လမ်းတိုးချဲ့ဆောင်ရွက်ခြင်းကြောင့် မလွတ်ကင်းသော ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများအား အဝေးပြေး လမ်းမကြီး များနှင့်လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်သွားမည့် အစီအမံများ၊ လက်ရှိဓာတ်အား လိုင်း ပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သတ်မှတ်ရက် အတွင်း အချိန်မီပြီးစီးရေးနှင့် ဓာတ်အားပြန်လည် ပို့လွှတ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းမကြီးတလျှောက်  ဘုရင့်နောင် တံတားအမှတ်(၂) မှ FMI မုဒ်ဦးရှေ့အထိ 33kV ဖီဒါ နှင့် 11kV ဖီဒါတို့၏ ဓာတ်အားလိုင်းများ ပြောင်းရွှေ့မည့် အခြေအနေအား လည်းကောင်း၊  ဓာတ်အားခွဲရုံ အမှတ် (၂)ရှေ့ 33kV ဖီဒါနှင့် 11kV ဖီဒါတို့၏ ဓာတ်အားလိုင်းများ ပြောင်းရွှေ့မည့် အခြေအနေအား လည်းကောင်း၊ ဒီပဲရင်းဝန်ထောက် ဦးမြဲလမ်းတစ်လျောက်ရှိ 11kV ဇုန်(၄) တိုးချဲ့ဖီဒါ ပြောင်းရွှေ့တည်ဆောက်ရန်အတွက် ဓာတ်အားလိုင်းအသစ်တည်ဆောက်မည့် အခြေအနေ အား လည်းကောင်း၊ ရွှေကမ်းသာယာအိမ်ရာရှေ့ရှိ 33kV  ရွှေသံလွင်ဖီဒါနှင့် 33kV နဝဒေးဖီဒါ (၂)ထပ် ဓာတ်အားလိုင်းဟောင်းဖြုတ်သိမ်းမည့် နေရာနှင့် အသစ်တည်ဆောက်မည့် နေရာ တို့အား လည်းကောင်း၊ ရန်ကုန်-ညောင်တုန်းလမ်းမကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော 33kV ဖီဒါ နှင့် 11kV ဖီဒါ ဓာတ်အား လိုင်းများ ဖြုတ်သိမ်းမည့် နေရာနှင့် အသစ်တည်ဆောက်မည့်နေရာတို့အား လည်းကောင်း အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး၊ ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အဆင့်ဆင့် ကြပ်မတ်၍ ဂရုပြုဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစေရေး နှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်း ပြောင်းရွေ့ တည်ဆောက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား တစ်ပါတည်း ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းအဟောင်း ပြန်လည် ဖြုတ်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျ စာရင်းပြုစု သိမ်းဆည်းထားရှိရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားလက်ခံပို့လွှတ်ထားမှုအခြေအနေနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဓာတ်အားထိန်းညှိဖြန့်ဖြူးပေးထားမှု အခြေအနေ တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊  ထရန်စဖော်မာများနှင့် ဓာတ်အား လိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကိုစနစ်တကျ ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ဓာတ်အားခွဲရုံအတွင်းရှိ ဝန်ထမ်းအိမ်ရာ များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်း ပြုပြင်ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသပ်ရပ်စွာနေထိုင်သွားရန်၊ ပြုပြင်ဆောင် ရွက်ရန် လိုအပ်သည့် အဆောက်အဦများအား မိုးမကျမီ ပြင်ဆင်သွားရန်နှင့် ဓာတ်အားခွဲရုံဝင်း အတွင်းရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ ပါသည်။

   ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တိုက်ကြီးမြို့ နယ်ရှိ ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပေါင်းစပ်စီမံကိန်း(၃၀၀ မဂ္ဂါဝပ်)၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥတိုနေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပေါင်းစပ်စီမံကိန်းနေရာသို့ ရောက်ရှိပြီး  စီမံကိန်းဆောင်ရွက်ရန်လျာထားမြေနေရာများ၊ စက်မှုလယ်ယာ စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။  

   ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီမှတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များ၊ စက်မှု လယ်ယာ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်း မြေပေါ်တွင် ဝန်ကြီးဌာမှ ဆိုလာစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ကုမ္ပဏီမှ ဆောင်ရွက်နိုင်ရေး ပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြေပြင်တွင် အသုံးပြု၍ ရသည့်မြေနှင့် အသုံးပြု၍ မရသည့်မြေအား ခွဲခြား၍ အသေးစိတ် စူးစမ်းလေ့လာ တင်ပြသွားရန်လိုအပ်ကြောင်း၊ မြေနေရာအနေအထား ဖြစ်နိုင်ချေပေါ် မူတည်ပြီး ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးကို လက်ရှိဆောင်ရွက်နေသည့် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပါသည်။

   ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥတိုနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးပေါင်းစပ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ  ဖြည့်စွက်မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ မြောင်းတကာ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Jun-2025