၂၀၂၅ ခုနှစ်၊ ဇူလိုင်လ( ၁၄ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့၌ ၁၀-၇-၂၀၂၅ ရက်မှ ၁၁-၇-၂၀၂၅ ရက်အထိ ကျင်းပခဲ့ သော ဆဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ဦးဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် ၉-၇-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့သို့ သွားရောက်ခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၉-၇-၂၀၂၅ ရက် နေ့လည်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် အိမ်ရာနှင့် မြို့ပြရေးရာ ဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတ္တမအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆဌမအကြိမ်မြောက် ပူးတွဲဦးဆောင် ကော်မတီအစည်းအဝေးတို့သို့ တက်ရောက်ခြင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော် ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ်အစီရင်ခံစာ ပြုစုခြင်းသဘောတူညီချက် (Agreement for preparation of Detailed Project Report- DPR) အား လက်မှတ်ရေးထိုး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထို့အပြင် အဆိုပါခရီးစဉ်အတွင်း ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ၁၀-၇-၂၀၂၅ ရက်တွင် နယူးဒေလီရှိ Power Grid Cooperation ၏ National Control Center သို့လည်းကောင်း၊ ၁၁-၇-၂၀၂၅ ရက်တွင် နွိုက်ဒါရှိ National Thermal Power Cooperation ၏ Technical Research and Training Center နှင့် Solar Hybrid Farm သို့လည်းကောင်း၊ ၁၂-၇-၂၀၂၅ ရက်တွင် အာဂရာရှိ Power Grid Cooperation ၏ ၈၀၀ ကေဗွီ၊ High Voltage Direct Current (HVDC) ဓာတ်အားခွဲရုံသို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း နှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။