The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊  ဇူလိုင်လ(၂၆) ရက် 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးရှိ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+ Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် မကွေးပင်မ ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မွန်းလွဲပိုင်း တွင် ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွါ၍ မကွေးမြို့ရှိရုံး/ဌာနများ၌ တွဲဘက်တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့အနီးရှိ နေရောင်ခြည် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ ရောက်ရှိရာ ဓာတ်အားထိန်းချုပ်ခန်းတွင် တာဝန်ရှိသူများက ဓာတ်အားပေး စက်ရုံ စီမံကိန်းဆိုင်ရာအချက်အလက်များ၊  စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် လက်ရှိစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းသွယ်တန်း ဆောင်ရွက်မည့်အခြေအနေ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းဆောင်ရွက်ပြီးစီးမှုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာအတွင်း လူမှုရေးတာဝန်သိမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် လာမည့်နွေရာသီအမီ ကနဦးဓာတ်အားထုတ်လုပ်နိုင်ရန် ဓာတ်အားပေးစက် (၉)လုံးမှ ဓာတ်အား(၈၀)မဂ္ဂါဝပ်အား စောလျှင်စွာဓာတ်အားထုတ်လုပ်နိုင်ရေး အတက်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဆိုလာမှ ဓာတ်အားထုတ်လုပ်နိုင်ရေး လုပ်ငန်းများကိုလည်း တိုးတက်မှုရှိအောင်ဆောင်ရွက်သွားရန်၊ ဓာတ်အားမထုတ်လုပ်မီ Gas Engine များကို စမ်းသပ်မောင်းနှင်ထားရန်နှင့် သေချာစွာစိစစ် ဆောင်ရွက်ထားရန်၊ ဓာတ်အားပေးစက်ရုံ တည်ရှိရာဒေသသည် ငလျင်သက်ရောက်မှုရှိသည့်ဒေသဖြစ်၍ အင်ဂျင်စက်အထိုင်များ ရွေ့လျားသွားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားရန်၊ စီမံကိန်းအသစ်များ မဆောင်ရွက်နိုင် သေးမီတွင် ရှိပြီးသားစီမံကိန်းများအား အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားထုတ်လုပ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် ထိုသို့ ဆောင်ရွက် ရာတွင်လည်း အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေး သွားမည် ဖြစ်ကြောင်းမှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် စီမံကိန်း လုပ်ငန်းခွင်အတွင်းရှိ Gas Engine Hall အတွင်း Gas Engine စက်များနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ပြီးစီးနေမှု၊ Exhaust Dust System တပ်ဆင်ပြီးစီးမှု၊ အအေးပေးစနစ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊   ဓာတ်အားခွဲရုံ တည်ဆောက်ရန် Foundation လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Fire Protection Wall တည်ဆောက်နေမှု အခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။

   အဆိုပါ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ (၅၉၈) ဧကပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင် အင်အားမှာ Solar ၁၂၂ မဂ္ဂါဝပ်နှင့်  Gas Engine (၁၃)လုံးမှ ၁၂၆ မဂ္ဂါဝပ် နှစ်မျိုး တပ်ဆင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းဖြစ်ရာ လက်ရှိအချိန်တွင် စောလျှင်စွာကနဦး ဓာတ်အား(၈၀)မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်ရန်အတွက် Gas Engine (၉)လုံးအား တပ်ဆင် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းများလည်း အဆင်သင့် သွယ်တန်း ထားရှိပြီးဖြစ်ကာ လိုအပ်သော Transformer နှင့်ဆက်စပ်ပစ္စည်းများကိုလည်း မှာယူထားရှိပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် စီမံကိန်းမှာ(၉၀%) ပြီးစီးနေပြီး ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှ တစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည် ဖြစ်ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ ဓာတ်ငွေ့ပို့လွှတ်ပေးမည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်း သို့ရောက်ရှိပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းထားရှိမှုနှင့် ဓာတ်ငွေ့ပို့လွှတ် ပေးမည့်အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မကွေးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ဓာတ်အားခွဲရုံးမှူးက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့်ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရေး၊ ဓာတ်အားခွဲ ရုံသုံးလျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန် စေရေးတို့အတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျပုံမှန်စစ်ဆေးဆောင်ရွက် သွားရန် မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း လျှပ်စစ်ဓာတ်အား များ ပို့လွှတ်ပေးနေမှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့ရှိ မကွေးပင်မဓာတ်အားခွဲရုံနှင့် အမှတ်(၄)တည်ဆောက်ရေးရုံးတို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ ယာယီ နေရပ်စွန့်ခွာ၍ မကွေးမြို့ရှိ ရုံးဌာနများတွင် တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ရပ်ဆိုင်ခြင်းမရှိဘဲ စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေရန်နှင့် တာဝန်ရှိသူများမှလည်း လိုအပ်သည်များကို အမြဲမပြတ် စစ်ဆေးဆောင်ရွက်ပေးနေရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ အိမ်ရာလိုင်းခန်းများတွင် နေထိုင်ရာတွင်လည်း သတ်မှတ်ထားသည့် အိမ်ရာစည်းကမ်းများနှင့် အညီလိုက်နာနေထိုင်ပြီး စည်းလုံး ညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင်သွားကြရန်၊ မိမိတို့ နေထိုင်ရာ အိမ်ရာအတွင်း/ အပြင် သန့်ရှင်းသာယာလှပရေး၊ မြေလွတ်မြေရိုင်းများတွင် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးများ ပြုလုပ်၍ ဝန်ထမ်းများအား သက်သာချောင်ချိရေး ထောက်ပံ့နိုင်အောင် ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီးသုံးစွဲမှုနှင့် ရေသုံးစွဲမှုကိုလည်း လိုအပ် သလောက်သာ ခြိုးခြံချွေတာသုံးစွဲသွားရန်နှင့် မီးဘေးအန္တရာယ် မဖြစ်စေရေး ဂရုပြုနေထိုင် သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများ ပျက်စီးမှု မရှိစေရေး စနစ်တကျထိန်းသိမ်းပြုပြင် နေထိုင်သွားရန်နှင့် သန့်ရှင်းသပ်ရပ်စွာနေထိုင် သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Jul-2025