နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ ရတနာပုံ ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေတို့အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၃၃ ကေဗွီ ကျွန်းတပင်ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Control Room အတွင်းတွင် တာဝန်ရှိသူများက ကျွန်းတပင်ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေများ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ခွဲရုံဝန်းအတွင်း သီးပင်စားပင်များစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ၁၃၂ ကေဗွီ အနီးစခန်းပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး Switch Yard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး Control Room အတွင်းတွင် အနီးစခန်းပင်မ ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပြင်ဦးလွင်မြို့သည် ယခင်နှင့်မတူပဲ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဓာတ်အားသုံးစွဲမှုများတိုးတက်သုံးစွဲလာသည်ဖြစ်ရာ မိမိတို့ဖက်က ဗို့အားပြည့်မှီတည်ငြိမ်စွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ်ပေးနိုင်ရေးကြိုးစားသွားကြရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ကြရန် မှာကြားခဲ့ပါသည်။
ယင်းနောက် ၁၃၂ ကေဗွီ ရတနာပုံပင်မဓာတ်အားခွဲရုံရောက်ရှိပြီး Switch Yard အတွင်းတွင် ရတနာပုံပင်မဓာတ်အားရုံမှ ဓာတ်အားပို့လွှတ်ပေးနေမှုအခြေအနေများနှင့် Contrl Room အတွင်းတွင် ဓာတ်အားထိန်းချုပ်ပို့လွှတ်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ရောက်ရှိရာ တမံရှုရပ်မှနေ၍ တမံအတွင်းရေဝင်ရောက်မှု၊ တမံ၏ကြံ့ခိုင်မှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အားပေးစက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှုနှင့် ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေများ၊ မိုးဇလဆိုင်ရာအချက်အလက်များ၊ တမံကြံ့ခိုင်မှုစောင့်ကြည့် ကိရိယာ များဖြင့် စောင့်ကြည့်စစ်ဆေးတွေ့ရှိမှုများအားရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပညာရှင်များ၏ အကြံပြုချက်များ အတိုင်း စနစ်တကျအမြန် ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ စက်အရံပစ္စည်းများအား အဆင်သင့် ရှိစေရေး ဖြည့်ဆည်းထားရှိသွားရန်၊ ဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး လက်ဆင့်ကမ်းသင်ကြားသွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဓာတ်အားပေးစက်ရုံ Switch Yard ၊ ဓာတ်အားပေးစက်ရုံ Control Room နှင့် တမံတာဘောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာအချက် အလက်များရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားစဉ်ဆက်မပြတ်ပို့လွှတ်နိုင်ရေး၊ အသုံးမလို ပိုလျှံနေသည့် စာရင်းပယ်ဖျက်ပြီးပစ္စည်းများ၏ လေလံကိစ္စရပ်များ အမြန် ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးနှင့် မြေယာကိစ္စရပ်များတွင် ဝန်ကြီးဌာနအမည် ပေါက်ရရှိရေး အလျှင်အမြန်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး Control Room အတွင်းတွင် ဓာတ်အားထိန်းချုပ်ပို့လွှတ်နေမှုအခြေအနေများနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။