The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း မီတာစမ်းသပ်စစ်ဆေးရေးဌာန(Test Lab)မှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုနှင့် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် Container House များတွင် နေရာချထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း

 

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မီတာစမ်းသပ်စစ်ဆေးရေးဌာန(Test Lab)မှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုနှင့် ဇမ္ဗသီရိမြို့နယ်ရှိ ၃၃/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၆) နှင့်  ဓာတ်အားခွဲရုံအမှတ်(၁)တို့အတွင်းရှိ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ ယာယီနေထိုင်နိုင်ရန် Container House များတွင် နေရာချထားပေးထားမှု၊ နေထိုင်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

    ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးရေးဌာန(Test Lab)သို့  ရောက်ရှိရာ တာဝန်ရှိသူ များက မီတာစမ်းသပ်စစ်ဆေးရေးဌာန(Test Lab)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်  ပစ္စည်းစီမံရေးဌာန(ဒက္ခိဏသီရိစတို)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် တစ်ရက်လျှင် သတ်မှတ်ထားသည့် မီတာအလုံးရေ စဉ်ဆက်မပြတ် စစ်ဆေးပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ်အရည်အသွေးနှင့် လုံခြုံမှုရှိစေရေး သေချာစွာ ဆောင်ရွက်သွားရန်နှင့် စနစ်တကျ မှတ်တမ်းတင်ထားရှိရန်လိုအပ်ကြောင်း၊ စမ်းသပ်စစ်ဆေး ရမည့်မီတာများ သတ်မှတ်ချိန်များအတွင်း အချိန်မီရောက်ရှိစေရေးနှင့် စဉ်ဆက်မပြတ် ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားရန်၊ စမ်းသပ်စစ်ဆေးပြီး မီတာ များကိုလည်း မြို့နယ်များသို့ အချိန်မီပို့ဆောင်သွားရန်နှင့် ပြည်သူလူထု အမြန်ဆုံးတပ်ဆင် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် ၊ အောက်မြန်မာပြည်အတွက် အသုံးပြုမည့်မီတာများကို ရန်ကုန်(Test Lab)မှ စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် နေပြည်တော် (Test Lab)အနေဖြင့် အထက်မြန်မာပြည်အတွက် အသုံးပြုမည့်မီတာများကို အဓိက ဦးစားပေး၍ စမ်းသပ်စစ်ဆေးဆောင်ရွက်သွားရန်၊ ပစ္စည်းစီမံရေးစတိုအနေဖြင့် ပစ္စည်းများ ထုတ်ပေး/ လက်ကျန်စာရင်းများကို အမြဲ Up Date ဖြစ်နေစေရေး နေ့စဉ်စစ်ဆေးဆောင်ရွက်သွားရန်နှင့် စနစ်တကျမှတ်တမ်းရေးသွင်း ဆောင်ရွက်သွားရန်၊ အသုံးပြု၍ မရတော့သည့် ပစ္စည်းများ ကိုလည်း လုပ်ထုံးလုပ်နည်းနှင့် အညီ စာရင်းမှပယ်ဖျက်၍ ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး မီတာများ စမ်းသပ်စစ်ဆေး ဆောင်ရွက်နေမှု၊ အသားတံဆိပ်ရိုက်နှိပ်ခြင်း ဆောင်ရွက်နေမှု၊ မီတာ Voltage Supply လုပ်ငန်းဆောင်ရွက်နေမှုနှင့် မီတာများ ဆီးလ်ခတ်ခြင်းနှင့် ဘားကုတ် ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပစ္စည်း သိုလှောင်ရေးစတိုအတွင်း ထိန်းသိမ်းထားရှိသည့် ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံသုံးပစ္စည်းများ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၆)နှင့် ဓာတ်အားခွဲရုံ အမှတ်(၁) တို့သို့ ရောက်ရှိပြီး  ဓာတ်အားခွဲရုံများ ဝင်းအတွင်း၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ ယာယီနေထိုင်နိုင်ရန် Container House များတွင် နေရာချထားမှု၊ နေထိုင်နေမှု၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးများ သွယ်တန်း ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့်အညီ စနစ်တကျနေထိုင်သွားရန်နှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ စပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
18-Aug-2025