The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော် ၊ ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၄ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၂၃  ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ပိုင်း ဆိုင်ရာ လုပ်ငန်းများအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံးတွင်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။ 

   ယခုလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးကျော် သည် ဌာနမှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ဆောင်ရွက် လျှက်ရှိသော ရန်ကုန် - ပုသိမ်လမ်းမတလျှောက် FMI အိမ်ရာရှေ့မှ အနောက်ပိုင်းနည်းပညာတက္ကသိုလ် အဝင်လမ်းအထိ ၃၃ ကေဗွီလိုင်းနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများအား ပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ရာသို့ရောက်ရှိရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားလိုင်းရွှေ့ပြောင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားရေး ၊ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၊ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံရှိ ၂၃၀ ကေဗွီ ကနောင်ဓာတ်အားလိုင်းအား လိုင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဓာတ်အားခွဲရုံ Switch Yard အတွင်းရှိ ဓာတ်အား လွှတ်ကိရိယာများအား ထိန်းသိမ်းပြုပြင်ချိန်ညှိခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုအား သတ်မှတ်ချိန်အတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားနိုင်ရေး မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီ တိုင်းဒေသကြီး ၊ ဟင်္သာခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာက ဟင်္သာတခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု ၊ ဓာတ်အားခများကောက်ခံမှု ၊ မီတာများတပ်ဆင်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာနှင့် ရုံးချုပ်မှတာဝန်ရှိသူများက   ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်စွက်မှာကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဟင်္သာခရိုင်အတွင်း လက်ရှိဓာတ်အားရရှိမှုအဆင့်မှ ဓာတ်အားသုံးစွဲသူများပြားလာစေရေး၊ စီးပွားရေးနှင့်စက်မှုလုပ်ငန်းသုံးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး နှင့် သုံးစွဲယူနစ်အတိုင်း ဓာတ်အားခများကောက်ခံရရှိနိုင်ရေး ၊ ဗို့အားပြည့်ဝစေရေး ၊ ဓာတ်အား ပျောက်ဆုံးမှုရာခိုင်းနှုန်း ကျဆင်းစေရေးနှင့် ဓာတ်အားခဝင်ငွေတိုးပွားရေး၊ လက်ရှိကြွေးကျန်များ ကောက်ခံရရှိရေး ၊ တရားမဝင်သုံးစွဲမှုများ စစ်ဆေးဖော်ထုတ်ရေး ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေး အဖွဲ့များက သတ်မှတ်ကွင်းဆင်းစစ်ဆေးမှုပုံစံများနှင့် စစ်ဆေးမှတ်တမ်းတင်ဆောင်ရွက်သွားကြရန် ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထားဆောင်ရွက်သွားကြရန် ၊ ဓာတ်အားစဉ်ဆက် မပြတ်ပေးနိုင်ရေးအတွက် System Improvement လုပ်ငန်းများကို တင်ပြဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းအိမ်ရာများကို ပျက်စီးမှုပမာဏအရ ပြင်ဆင်ရန် ဦးစားပေးအဆင့်ဖြင့် နှစ်စဉ်သာမန်ခေါင်းစဉ်မှ သုံးစွဲကျခံဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Post under by : ဝန်ကြီးရုံး
24-Aug-2025