The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

    ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ များအား ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ထူးချွန်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။        

   ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်သည့်အတွက် ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများအတွက် ဂုဏ်ယူဝမ်းမြောက်ရမည့် အခမ်းအနားဖြစ်သကဲ့သို့ ဝန်ကြီးဌာနအတွက်လည်း ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် အခမ်းအနားတစ်ခု ဖြစ်ပါကြောင်း၊ ပညာရေးသည် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် အခြေခံအုတ်မြစ် ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် “တွေးခေါ် ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေး” ကို ဦးတည်လေ့ကျင့်ပေးရန်ဆိုသည့် ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်အစိုးရသည် ပညာရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ချမှတ်ထားသော ဆောင်ပုဒ် ၃ ခုအနက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆောင်ပုဒ်သည် ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ချမှတ်ထားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကို တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေနှင့်လည်း မိမိ တို့၏ သား/သမီးများကို ပညာရေးတွင် နောက်ကျမကျန်ရစ်စေရန် ပြုစုပျိုးထောင် တွန်းအားပေး ဆောင်ရွက်သွားစေလိုပါကြောင်း၊ ပညာခေတ်တွင် မိဘများက မိမိရင်သွေးများ ပညာကို ကြိုးစားသင်ယူပြီး ပညာတတ်ကြီးများဖြစ်လာအောင် မိဘဝတ္တရားနှင့်အညီ ငယ်စဉ်ကတည်းက အတတ်လည်းသင် ပဲ့ပြင်ဆုံးမပေးရန်လိုသလို ကျောင်းသားလူငယ် မောင်မယ်များ အနေနှင့်လည်း တကယ့်အနှစ်သာရ ရတနာသည် အသိပညာ၊ အတတ်ပညာ၊ ပညာသည်သာ အမြတ်ဆုံး ရတနာ၊ ပညာသည်သာ အားထားရာဆိုသည်ကို နားလည်သဘောပေါက်ရန် လိုပါကြောင်း၊ ထူးချွန်ဝန်ထမ်းများနှင့် ကျောင်းသားလူငယ်များသည် ခိုင်မာသော ယုံကြည်ချက်၊ ပြတ်သားသော ဆုံးဖြတ်ချက်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့် အပတ်တစ်ကုတ် ကြိုးစားအားထုတ် ခဲ့ကြ၍ ယခုလို အောင်မြင်မှု အသီးအပွင့်များကို ရရှိခံစားရခြင်းဖြစ်ပြီး မိမိ၏ ဂုဏ်သိက္ခာ သာမက ဝန်ကြီးဌာနဂုဏ်နှင့် မိဘ၊ ဆွေးမျိုးဂုဏ်တို့ကို မြှင့်တင်ရာရောက်ပါကြောင်း၊ အနာဂတ်မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်းနှင့် ထူးချွန်ဝန်ထမ်းများအနေဖြင့်လည်း ကျရာ တာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ဇနီးက (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက (၅)ဘာသာနှင့် (၄)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအားလည်းကောင်း၊ ဒုတိယဝန်ကြီး၏ဇနီးက(၄)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများက (၄)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန် ဆုရ ဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများကိုယ်စား (၆)ဘာသာ ဂုဏ်ထူးရှင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ဇနီးများသည် ဂုဏ်ထူးရ ကျောင်းသား/သူများ၊ ထူးချွန်ဆုရ ဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၅၃)ဦး၊ စုစုပေါင်း (၂၆၂)ဦးနှင့် ထူးချွန်ဝန်ထမ်း (၁၂)ဦးတို့အား ဝန်ကြီးဌာနမှ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
28-Aug-2025