The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၆ ) ရက်

         

    တရုတ်ပြည်သူ့သမ္မတနိုင်ငံစူးကျိုးမြို့သို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်နေ့တွင် ကျန်းစုပြည်နယ်၊ ရုဒုံမြို့၊ ဟွန်ကျန်း ပင်လယ် ကွေ့အပြင်ဘက်ရှိ ဒီရေတောကမ်းခြေတွင် China Longyuan Power Group Corporation Limited မှတည်ဆောက်ထားသော ကုန်းတွင်း၊ ဒီရေတောနှင့် ကမ်းလွန်တို့တွင် တပ်ဆင် အင်အား (၄၈၀)မဂ္ဂါဝပ်ရှိသည့် Ru Dong Huan Gang Offshore Wind Farm ကမ်းလွန် လေအားလျှပ်စစ်စက်ရုံသို့ သွားရောက် လေ့လာခဲ့ကြပါသည်။

    ထိုသို့လေ့လာစဉ် စက်ရုံတာဝန်ရှိသူများမှ ရှင်းလင်းပြောကြားရာတွင် စီမံကိန်းသည် တရုတ်နိုင်ငံတွင် ပထမဆုံး ကမ်းလွန်လေစွမ်းအင် ရှေ့ပြေးစမ်းသပ်တည်ဆောက်သည့် စီမံကိန်းဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ယွမ်ငွေ ၂.၅၄ ဘီလီယံခန့်ရှိပါကြောင်း။ ပထမအဆင့်အနေဖြင့် ၁.၅ မဂ္ဂါဝပ် ၊၂ မဂ္ဂါဝပ် ၊၂.၅ မဂ္ဂါဝပ်၊ ၃ မဂ္ဂါဝပ် တပ်ဆင်အင်အားများရှိသောလေအားတာဘိုင် ၁၆ လုံး စုစုပေါင်း ၃၀ မဂ္ဂါဝပ် ကို ၂၀၀၉ ခုနှစ်တွင်စတင်စမ်းသပ်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် လျှပ်စစ် ဓာတ်အား စတင်ဓာတ်အားထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊   ဒုတိယအဆင့်တွင် ၂.၃ မဂ္ဂါဝပ်  ၊၂.၅ မဂ္ဂါဝပ်၊ ၃ မဂ္ဂါဝပ် လေအားတာဘိုင် ၅၈ လုံး စုစုပေါင်း ၁၅၀ မဂ္ဂါဝပ်  တပ်ဆင်ခဲ့ပြီး  ၂၀၁၂ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ တတိယအဆင့်တွင် ၂.၅ မဂ္ဂါဝပ် လေအားတာဘိုင် ၂၀ လုံး စုစုပေါင်း ၅၀ မဂ္ဂါဝပ် တပ်ဆင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ် နိုင်ခဲ့ပါကြောင်း၊ စတုတ္ထအဆင့်တွင်  ၄ မဂ္ဂါဝပ်၊  ၅ မဂ္ဂါဝပ်  ၆ မဂ္ဂါဝပ်  လေအားတာဘိုင် ၁၁ လုံး စုစုပေါင်း ၅၀ မဂ္ဂါဝပ် တပ်ဆင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ် နိုင်ခဲ့ပါကြောင်း ၊ပဥ္စမအဆင့်တွင် ၄ မဂ္ဂါဝပ်  လေအားတာဘိုင် ၄၀ လုံး၊ စုစုပေါင်း ၂၀၀ မဂ္ဂါဝပ် တပ်ဆင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတင်ဓာတ်အားထုတ် လုပ်နိုင်ခဲ့ပါကြောင်း၊ ယင်းသို့အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းတပ်ဆင်အား  ၄၈၀ မဂ္ဂါဝပ်အထိ ရောက်ရှိလာခဲ့ပါကြောင်း၊ တာဘိုင် တာဝါတိုင်များ၏ အုတ်မြစ်များတွင်လည်း ကွန်ကရစ် ပိုင်တိုင်များနှင့် ကွန်ကရစ်အောက်ခံခုံ (PHC pipe piles with concrete caps) မှသည် သံမဏိဖြင့်ပြုလုပ်ထားသော ပိုက်တိုင်များ (steel structure pipe piles) အထိ အမျိုးမျိုးသော ပုံစံများ ပါဝင်ခဲ့ပါကြောင်း၊ ဤစီမံကိန်း၏ တည်ဆောက်ခြင်းကြောင့် ကမ်းလွန် လေစွမ်းအင်အရင်းအမြစ်များ၏ သဘာဝကိုစူးစမ်း လေ့လာခြင်း၊ တည်ဆောက် နိုင်သည့်နေရာရွေးချယ်ခြင်း၊ ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ စီမံကိန်း တည်ဆောက်ခြင်းနှင့် စက်ရုံလည်ပတ် ထိန်းသိမ်းမောင်းနှင်ခြင်းတို့အတွက် အထောက်အကူပြုခဲ့ ပါကြောင်း၊  ကုန်းတွင်း၊ ဒီရေတောနှင့် ကမ်းလွန်လေစွမ်းအင် စက်ကိရိယာများ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေးအတွက်လည်း ခိုင်မာသောအခြေခံ အုတ်မြစ်များကို ချမှတ်ပေးနိုင်ခဲ့ပါကြောင်း၊ စီမံကိန်းစတင် ဆောင်ရွက်ချိန်တွင် အခက်အခဲ အမျိူးမျိူးနှင့် ရင်ဆိုင်ခဲ့ရပါကြောင်း၊ စီမံကိန်း အစိတ်အပိုင်းများ သယ်ယူပို့ဆောင်ခြင်းနှင့် ကမ်းလွန်ဒေသ တပ်ဆင်ခြင်းတို့တွင် အဓိက အခက်အခဲများကို ရင်ဆိုင်ခဲ့ရပါကြောင်း၊ ယင်းအခက်အခဲများကြောင့် နောင်တည်ဆောက်သော စီမံကိန်းများအတွက် ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းများကိုရရှိခဲ့ကြပါကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ၏ တည်ဆောက်ထားရှိမှုများ၊ ဓာတ်အားထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။

   ခရီးစဉ်အတွင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင် ကုမ္ပဏီများဖြစ်သည့် ShweLi(1) Hydropower Co.,Ltd ၊ Yunnan United Power Development Co.,Ltd ၊ Goodwe Technologies Co.,Ltd ၊ POWERCHINA Chengdu Engineering Corporation Limited  တို့နှင့် အသီးသီးတွေ့ဆုံခဲ့ပြီး စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Oct-2025