The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေး အခြောက်ခံစက် ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆ )ရက်

   တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေး အခြောက်ခံစက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝူရှီးဟွာကွမ်းကုမ္ပဏီလီမိတက် (Wuxi Hua Guang (Myanmar) Co., Ltd.) ၊ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်နှင့် မနောဧရာအထွေထွေရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြား ထားသောဧည့်သည်တော် များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

   ဦးစွာ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် ဖွင့်ပွဲအခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာများပက်ဖြန်းပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

   ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေး အခြောက်ခံစက် မောင်းနှင်နေမှု နှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု  စစ်ဆေးရာ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုမ္ပဏီမှ ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြသည်။

   ဆက်လက်၍ ရှင်းလင်းဆောင်၌ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ကာလတို/ ကာလလတ်/ ကာလရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မီးသွေးလောင်စာ အသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် နိုင်ငံတော်ဓာတ်အားစနစ်အတွက် တည်ငြိမ်သော လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်ပေးနိုင်သော်လည်း လက်ရှိမြန်မာနိုင်ငံတွင် ကျောက်မီးသွေးအသုံးပြုပြီး ဓာတ်အားထုတ်လုပ်လျက်ရှိသည့် ပမာဏသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဒေသတွင်း နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သယံဇာတ များစွာရှိသည့်အနက် ဆပ်ဘစ်တူးမင်းနပ်စ် (Sub-bituminous) အမျိုးအစား ကျောက်မီးသွေးများအား အများဆုံးတွေ့ရှိရကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင် လိုအပ်ချက်ကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများကို တိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြောက်ခံစက်အသုံးပြု ခြင်းဖြင့် အပူစွမ်းအင်ထုတ်လုပ်မှု ပိုမိုမြှင့်တင်နိုင်ပြီး လျှပ်စစ်ထုတ်လုပ်မှုစွမ်းရည်(Efficiency) တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာ (Advanced Technology)များ အသုံးပြု၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လွှတ် ခြင်းကို လျော့နည်းစေသော လျှပ်စစ်ဓာတ်အားများစွာကို စီးပွားရေး တွက်ခြေကိုက်စွာ လက်တွေ့ကျကျ ထုတ်လုပ်သွားရမှာဖြစ်ကြောင်း၊ ၎င်းသည် “အရင်းအမြစ် မျိုးစုံ မှ လျှပ်စစ်နှင့်စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စီမံဆောင်ရွက်ရန်” ဆိုသည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအား ပထမအဆင့် အကြီးစားပြင်ဆင်ခြင်းများ ဆောင်ရွက်ကာ ဓာတ်အား (၉၀) မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိပြီး ယခုဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်၍ (၁၂၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သောကြောင့် ယခင်ထုတ်လုပ်မှုထက် (၃၀)မဂ္ဂါဝပ် တိုးတက်ထုတ်လုပ် ပေးနိုင်သဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။       

   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ မောင်းနှင်လည်ပတ်နေမှုအခြေ အနေနှင့် ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် Wuxi Hua Guang (Myanmar) Co., Ltd. မှ တာဝန်ရှိသူတို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြသည်။

   ၎င်းနောက် စက်ရုံအတွင်း ပြာသိုလှောင်ရုံရှိ စက်ရုံမှထွက်ရှိလာသည့်ပြာများ ထုတ်လုပ်နေမှု၊ အသုံးပြုရန်စီစဉ်ဆောင်ရွက်နေမှုများနှင့် စက်ရုံအတွက်အသုံးပြုသည့် ကျောက်မီးသွေးတူးဖော်နေမှု အခြေအနေများကို သွားရောက်ကြည်ရှု့စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။

   ယခုဖွင့်လှစ်သည့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းကြောင့် အသုံးပြုလျက်ရှိသော ဒေသထွက်ကျောက်မီးသွေး၏ စိုထိုင်းဆများပြားမှုကို လျှော့ချကာ အပူစွမ်းအင်ကို တိုးမြှင့်နိုင်ခဲ့သဖြင့် ယခင်လျှပ်စစ်ဓာတ်အား(၉၀) မဂ္ဂါဝပ်သာ ထုတ်လုပ် နိုင်ခဲ့ရာမှ ယခုအခါစက်တပ်ဆင်အင်အားပြည့် (၁၂၀) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်၍ နိုင်ငံတော်၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် (၃၀) မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Nov-2025