The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ စပါးကြွယ်(တောင်ငူ)ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်         

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွှဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ စပါးကြွယ် ကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ စပါးကြွယ်(တောင်ငူ)ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းယာယီရှင်းလင်းဆောင်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူတို့က ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ စပါးကြွယ်(တောင်ငူ) ဓာတ်အားခွဲရုံတို့၏ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဓာတ်အားခွဲရုံများ၏ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် စီမံကိန်းလုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ထားသည့် လျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် အလေးထားဆောင်ရွက် သွားရန်၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သွားသော Shunt Reactor Bushing ပျက်စီး သွားမှုကို အမြန်ဆုံးစစ်ဆေးပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်  ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိအမြဲရှိစေရေး ဂရုပြုဆောင်ရွက်  သွားရန်နှင့် ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Switch Yard အတွင်း ထရန်စဖော်မာများ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် လက်ရှိတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အားခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၈၁.၀၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Dec-2025