The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

 မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားပြန်လည်ရရှိရေးအတွက် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်မှစ၍ နယ်မြေမငြိမ်မသက်မှုများ စတင်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။

   နွားထိုးကြီးမြို့နယ်အား ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းဖြင့် ဓာတ်အားရယူထားပြီး နွားထိုးကြီးမြို့ပေါ်ရှိ  ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအချို့အား ၃၃/ ၁၁ ကေဗွီ မြို့မထပ်ဆင့်ဓာတ်အားခွဲရုံမှ လည်းကောင်း၊ ကျန်ကျေးရွာများအား ၃၃/ ၁၁ ကေဗွီ  ပြင်စည် ထပ်ဆင့်ဓာတ်အားခွဲရုံနှင့် ဝက်လူးထပ်ဆင့် ဓာတ်အားခွဲရုံများမှ လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၈၈ ရွာမှ မီးသုံးသူဦးရေ စုစုပေါင်း ၂၇၉၃၁ ဦးအား ဓာတ်အားဖြန့်ဖြူးပေးခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် အဆိုပါနေ့မှ စတင်၍ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ပြီး တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်-မြင်းခြံ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ အင်ဂျင်နီယာ များ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၃၈ ဦးဖြင့် စစ်ဆေး ပြုပြင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကာ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီးဓာတ်အားလိုင်းအား ဆက်လက်ပြုပြင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလတွင် ပြီးစီးခဲ့ပြီး မြို့တွင်းဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် စစ်ဆေးပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဆောင်ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် နွားထိုးကြီးမြို့ပေါ် အရေးကြီးနေရာများနှင့် ဌာနဆိုင်ရာရုံးများအား ဓာတ်အားအမြန်ရရှိနိုင်ရေးအတွက် မူလမြို့မဓာတ်အားခွဲရုံရှိ ပျက်ဆီးသွားသော ထရန်စဖော်မာအား ယာယီအစားထိုးဆောင်ရွက်ခြင်း၊ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး ဓာတ်အားလိုင်းအား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိ  ဖြန့်ဖြူးရေး ထရန်စဖော်မာအချို့အား ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ ၁၄:၅၀ နာရီအချိန်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ယာယီအခြေစိုက်ရုံးများနှင့် အရေးကြီးနေရာအချို့အား ဓာတ်အားပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး တစ်မြို့နယ်လုံးအနေဖြင့် ၂၅ % ခန့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဆက်လက်၍ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြုပြင်ရန်ကျန်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
15-Dec-2025