၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ယနေနံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်တို့တွင် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)တွင် ပြုလုပ်သည့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနကြီးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ထို့နောက် ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃,၄၀၀ မဂ္ဂါဝပ် (၆၀,၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့် ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ် ရရှိရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျစိစစ်သုံးစွဲ၍ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့် လုပ်ငန်းများ ပြီးပြတ်စေရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ စက်မှုကဏ္ဍပိုမို ထုတ်လုပ် နိုင်ရေးအတွက် သီးခြားဓာတ်အားလိုင်းဖြင့် (၂၄)နာရီပေးရန် သဘောတူညီထားသော စက်မှု/ စီးပွားရေး လုပ်ငန်းများသို့ LNG To Power မှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြည့်ဆည်း ပေးမည် ဖြစ်သဖြင့် စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများသို့ "စီးပွားရေး နှုန်းထား (Economic Rate)" တစ်ခုသတ်မှတ်ပြီး လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဓာတ်အားခ နှုန်းထား အသစ်ဖြင့် စတင်ကောက်ခံမည်ဖြစ်သောကြောင့် ဇန်နဝါရီလကုန်အထိ သုံးစွဲခဲ့သော ဓာတ်အားခယူနစ်များကို ဌာနနှင့် မီးသုံးစွဲသူ နှစ်ဦးတို့မှဖတ်၍ မှတ်တမ်းတင်ပြီး စနစ်တကျ ကောက်ခံသွားရန်နှင့် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရာတွင်လည်း ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဓာတ်အားခ ပြောင်းလဲမှုများတွင် ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများ အနေဖြင့် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ပြီး ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့မြို့နယ် များအတွင်း တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများ မရှိစေရေး ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင် စစ်ဆေးရေးအဖွဲ့များဖြင့် Spot Check, Cross Check, Counter Check နှင့် Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ အိမ်သုံးမီတာများ၊ ပါဝါမီတာများနှင့် စီတီမီတာများအား စစ်ဆေး ဆောင်ရွက်ရာတွင်လည်း ဌာန၏ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၊ ဝန်ထမ်း အဖွဲ့အစည်း၏ ပုံရိပ်နှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များအား မပြုလုပ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့် အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရွှေပြည်သာမြို့နယ်သို့ ရောက်ရှိပြီး အမှတ်(၄)လမ်းမကို (၈)လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများအား လမ်းမကြီးနှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု၊ ကမ်းသာယာ လမ်းဆုံအနီး ၆၆ ကေဗွီ လှော်ကား - ရွာမ (သံမဏိ)ဓာတ်အားလိုင်း ပြောင်းရွှေ့ တည်ဆောက်ခြင်း အပြီးသတ်လုပ်ငန်း ဆောင်ရွက်နေမှု၊ အမှတ်(၄) လမ်းမကြီး လမ်းလယ်ကျွန်းများပေါ်တွင် လမ်းမီးများ ထွန်းညှိနိုင်ရေးအတွက် လမ်းမီးတိုင်များ စိုက်ထူပြီးစီးနေမှုနှင့် စိုက်ထူရန် ကျန်ရှိသည့် လမ်းမီးတိုင်များ စိုက်ထူနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားလိုင်း ပြောင်းရွှေ့စိုက်ထူခြင်း လုပ်ငန်း များအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အဆင့်ဆင့်ကြပ်မတ်၍ ဂရုပြုဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ ရောက်ရှိပြီး မြို့ရှောင် ရထားလမ်း ဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂) - တောင်ငူ ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်နိုင်ရန် တာဝါတိုင် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် တာဝါတိုင်များ စိုက်ထူ နိုင်ရန် တိုင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဝန်ထမ်းများ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ ဂရုပြု ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံနှုန်း ပြည့်မီစေရေး၊ လေလွင့် ဆုံးရုံးမှု မရှိစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ တောင်ငူမြို့ရှောင် ရထား လမ်းသစ် ဖြတ်ကျော်နေရာတွင် တည်ရှိနေသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက် ရှိပြီး လက်ရှိအချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။