The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအ‌နေများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည့်သတင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများ နှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

   အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။      

   ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်အောင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေအရ စိုက်ပျိုးမွေးမြူရေးသည် တိုင်းရင်းသားပြည်သူအများစု၏ အဓိက အသက် မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သလို နိုင်ငံစီးပွားရေး၏ အသက်သွေးကြောလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ (Agro-Based Industries) ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများ ချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ လည်ပတ် နိုင်ရေးအတွက် အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အား ဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ် ပေးနိုင်ရေး အလေးထား စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ရုံ၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင် စက်အင်အားမှာ ၆,၇၂၅ မဂ္ဂါဝပ် အထိရှိပြီး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄,၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်သောအခြေအနေဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက် ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြေးဖြေး လျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ် ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃,၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်း အလှည့်ကျ စနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက် ခဲ့ရာ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများနှင့် ခွဲရုံများကို အချိန်နှင့် တစ်ပြေးညီပြုပြင်ခြင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့် သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေး စက်မှုဇုန် များမှ အချိန်ပြည့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်း ရရှိမည့် LNG ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ LNG စီမံကိန်းကို ၂၀၂၃ ခုနှစ် မတိုင်မီကတည်းက LNG TO POWER ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ ပေးရန် လျာထားဆောင်ရွက်ခဲ့ပြီး ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍ ကုန်ထုတ်လုပ်မှုများ အရှိန် အဟုန်မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ အတွက် "အချိန်ပြည့် ဓာတ်အားရရှိမှု" သည် စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်လာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းနှင့် အခြားကုန်ကျစရိတ် မြင့်မားသည့် စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုရမှုကို လျှော့ချနိုင် ခြင်းစသည့် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့်စီးပွားရေး လုပ်ငန်းများသို့ "စီးပွားရေးနှုန်းထား (Economic Rate)" တစ်ခု သတ်မှတ်ပြီး ယခု ဖေဖော်ဝါရီလအသုံးမှစ၍ ဓာတ်အားခ နှုန်းထားသစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်သည့်အတွက် ဇန်နဝါရီလ အသုံးယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူ နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးသွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခနှုန်းထား တိုးမြှင့်သွား သော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ပါသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီး များအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြည်သူလူထုသုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထား အတိုင်း ပြောင်းလဲမှု မရှိပါကြောင်း၊ ယခင်စက်မှု လုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အား များကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတက်မှု အတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောကြားရာတွင် ယခုမျက်မှောက်ခေတ်တွင် လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပိုမိုမြင့်မား လာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ ကြိုးပမ်းမှုအနေဖြင့် ယခုကဲ့သို့  LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှုအပေါ်ကြိုဆိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တွင် အဓိကစက်မှုဇုန်အနေဖြင့် မန္တလေးစက်မှုဇုန်၊ မြို့သာစက်မှုဇုန်နှင့် မိတ္ထီလာစက်မှုဇုန် တို့ရှိပြီး လူဦးရေအနေဖြင့် ၁၃ သိန်းကျော်ရှိရာ မီးသုံးသူအနေဖြင့် ၁၁ သိန်းကျော်ရှိပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားသည့်အတွက် ‌ LNG ဖြင့် ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း  လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန် တိုအတွင်း ဖြည့်ဆည်းပေးနိုင်သဖြင့် စက်မှုလုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အခက်အခဲများ၊ လက်ရှိဓာတ်အားထုတ်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အကြမ်းဖက် သောင်းကျန်းသူများ ဖျက်စီးခဲ့သည့် မဟာဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်မှု အခြေ အနေအား လည်းကောင်း၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌက LNG to Power ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ် စတင်ထုတ်လုပ် နိုင်မှုအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများသို့  ဓာတ်အားဖြန့်ဖြူးပေးမည့် အခြေအနေများနှင့်ပတ်သက်၍   လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

   ၎င်းနောက် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များက LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှုအပေါ် ကျေးဇူး တင်ရှိပါကြောင်းနှင့် စက်မှုနှင့်စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်နှုန်းထားအသစ်ဖြင့် ဓာတ်အားခ ကောက်ခံဆောင်ရွက်မည့် အခြေအနေများနှင့် ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် အားသာချက်/အားနည်းချက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
04-Feb-2026