နေပြည်တော်၊ ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဦးစီးအရာရှိ (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေးဆိုင်ရာ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဌာနအသီးသီး တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနတာဝန်ခံများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဦးစီးအရာရှိ (စက်/လျှပ်) တို့ကို လေ့လာရေးခရီးစဉ်များနှင့် အတူ ရက်သတ္တ(၃)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသား များအနေနှင့် သင်တန်းကာလအတွင်း စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေးနှင့် အင်ဂျင်နီယာ ဆိုင်ရာဘာသာရပ်များကို လေ့လာသင်ကြားကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေနှင့် သင်တန်းကပို့ချပေးမည့် ဘာသာရပ်ဆိုင်ရာများကို အခြေခံ၍ နည်းပညာဆိုင်ရာ စာအုပ်များကို ဆက်လက်လေ့လာပြီး အတွေ့အကြုံရှိ အင်ဂျင်နီယာများနှင့် ပူးတွဲဆောင်ရွက် ကြခြင်းဖြင့် မိမိတို့၏ လုပ်ကိုင်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုကို ဖန်တီးတည်ဆောက် သွားကြရန် လိုပါကြောင်း၊ သင်တန်းသားများအတွက် လေ့လာရေးခရီးစဉ်များကိုလည်း အသိဉာဏ်ပညာ ဗဟုသုတစုံလင်စွာရရှိစေရန်အတွက် စီစဉ်ပေးထားပါကြောင်း၊ သင်တန်းသားများအနေနှင့် လေ့လာရေးမှတ်တမ်းစာအုပ်များထားပြီး အတွေ့အကြုံများကို စနစ်တကျ မှတ်တမ်းပြုလုပ် ထားရန် လိုအပ်ပါကြောင်း၊ သင်တန်းတွင် အင်ဂျင်နီယာဆိုင်ရာ အတွေ့အကြုံများအပြင် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အခြေခံအားဖြင့် သိရှိလာစေရန် သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများသည် ဝန်ထမ်းများ ဖြစ်သည့်အတွက် ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မျက်ခြေ မပျက်လေ့လာ၍ စည်းစနစ်ကျနစွာ ပြုမူနေထိုင်နိုင်ကြစေရန် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ဆိုင်ရာများကိုလည်း သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေ စာရင်းခေါင်းစဉ် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ဘဏ္ဍာငွေ ရရှိ၊ သုံးစွဲ၊ ထိန်းသိမ်း စီမံခန့်ခွဲတတ် စေရန် ဘဏ္ဍာရေးပညာရပ်လည်း သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ပစ္စည်းဝယ်ယူရေးနှင့် ပတ်သက်ပြီး စတိုမှာသိမ်းဆည်းခြင်း၊ ပစ္စည်းလွှဲပြောင်း ထိန်းသိမ်းမှုဆိုင်ရာ အသိပညာ ဗဟုသုတတိုးတက်စေရန် ပစ္စည်းစီမံရေးဘာသာရပ်ကိုလည်း သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ယူရရှိသည့် အသိပညာများကို လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချရုံသာမက Smart Grid၊ SCADA-EMS၊ Digital Substation၊ AI-based Monitoring စသည့် ခေတ်မီ နည်းပညာများကိုပါ စဉ်ဆက်မပြတ်လေ့လာ သင်ယူရေး ကြိုးစားအားထုတ်နေရန် လိုအပ် ပါကြောင်း၊ သင်တန်းတက်ရောက်နေစဉ် သတ်မှတ်ထားသော သင်တန်းစည်းကမ်းများကို လိုက်နာပြီး အုပ်ချုပ်မှုဖြစ်စဉ်များမဖြစ်အောင် အထူးလိုက်နာ စောင့်ထိန်းနေထိုင်သွားရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
၎င်းနောက် မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်ဖြင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အခမဲ့သွားနှင့်ခံတွင်း ဆိုင်ရာ ကုသမှုများ၊ အထွေထွေကျန်းမာရေးစစ်ဆေးကုသမှုများနှင့် ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးဟောပြော ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော် ခုတင်-၁၀၀၀ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇေယျာဝင်းက “သက်ရှည်ကျန်းမာနည်းလမ်းရှာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထွေထွေရောဂါကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဖြိုးသီဟက အဝလွန်ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းအားလည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြော ခြင်းများအား အသီးသီးဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ကျေးဇူးတင်အမှာစကား ပြန်လည်ပြောကြားခဲ့ကာ ဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အထူးကုဆရာဝန်ကြီးများနှင့် ကုသရေး အင်အား ၃၅ ဦးပါ အဖွဲ့မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု များအား သွားနှင့်ခံတွင်းဆိုင်ရာစစ်ဆေးကုသမှုများကိုလည်းကောင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးကုသမှုများကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုဝင် စုစုပေါင်း (၄၄၂) ဦးတို့အား အခမဲ့ ကျန်းမာရေး ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။