The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးထားသည့် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ Modular House (၂)ထပ် အဆောက်အဦ (၁၀)လုံးတွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်နေမှုနှင့်  ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြေသားလမ်းများအား ကွန်ကရိလမ်းများအဖြစ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း

 

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် Modular House (၂)ထပ် အဆောက်အဦ(၁၀)လုံးတွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ နေထိုင်နေမှုနှင့်  ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြေသားလမ်းများအား ကွန်ကရိလမ်းများအဖြစ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ ရောက်ရှိရာ တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဗို့အားပြည့်ဝ တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းတစ်လျှောက်တွင်လည်း သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းထားရန်၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းလမ်းကြောင်း တစ်လျှောက်တွင်လည်း တာဝန်များအပိုင်းလိုက် ချထားရန်၊ ဓာတ်အားခွဲရုံ အတွင်း/ အပြင် သန့်ရှင်းသာယာလှပရေးနှင့် ပူးပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိပြီဖြစ်၍ ဓာတ်အားခွဲရုံ၊ ဝန်ထမ်းအိမ်ရာများနှင့် အနီးပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၃၃၁၀၆)၊ နှင့်(၃၃၁၀၇) အဆောက်အဦ (၂)လုံးကို တစ်ခုချင်းအလိုက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လက်ရှိပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး ငလျင်ဒဏ်ခံနိုင်အောင် အလေးထားဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ နေထိုင်ရာ မူလနေရာများတွင် အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀ ပေ x ၁၂၀ ပေ အရွယ်အစားရှိ Modular House (၂)ထပ် အဆောက်အဦ (၁၀)လုံးတွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်နေမှုနှင့်  ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြေသားလမ်းများအား ကွန်ကရိလမ်းများအဖြစ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Mar-2026