The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အတွင်းရှိ ၆၆/၃၃/၁၁ ကေဗွီ သီပေါဓာတ်အားခွဲရုံနှင့် ကျောက်မဲမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား မေလ ၁၇ ရက်နေ့တွင်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား မေလ ၁၈ ရက်နေ့တွင်လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ ၆၆/၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ လက်ရှိတွင်ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ဓာတ်အားရရှိပါက ဖြန့်ဖြူးပေးသွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြ ကြရာ ဒုတိယဝန်ကြီးက ဓာတ်အားလက်ခံရရှိလာသည်နှင့်တပြိုင်နက် ဓာတ်အားသုံးစွဲသူများက လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားသုံးစွဲနိုင်ရေးကြိုတင်ဆောင်ရွက်ကြရန်နှင့် ဓာတ်အား လိုင်းစစ်ဆေးပြုပြင်ရာတွင် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မိစွာဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အဓိက ထားဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီပေါမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက သီပေါမြို့နယ်အား ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေ၊ ဓာတ်အားခကောက်ခံမှုအခြေအနေများနှင့် ဓာတ်အားရရှိပါက ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပါသည်။

   မွန်းလွှဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်မဲမြို့နယ်၊ ၃၃/၁၁ ကေဗွီ ပန်းပေါင်း ဓာတ်အားခွဲရုံသို့ရောက်ရှိရာတာဝန်ရှိသူများက ကျောက်မဲမြို့နယ်အား လက်ရှိတွင် နမ့်ဆောင် ငေါင်း အသေးစားရေးအားလျှပ်စစ်စက်ရုံမှ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားရရှိပါက ဓာတ်အားဖြန့်ဖြူးပေးသွားမည့်အခြေအနေများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ပျက်စီးမှု များအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးကလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး ၃၃/၁၁ ကေဗွီ စခန်းသာဓာတ်အားခွဲရုံ၏ ပျက်စီးမှုအခြေအနေနှင့် ပြန်လည်ပြင်ဆင်မည့် အစီအစဉ်များ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

   ဒုတိယဝန်ကြီးသည် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဌာနမှ တာဝန်ရှိသူများနှင့် အတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မ ဓာတ်အားခွဲရုံနှင့် အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံများသို့ရောက်ရှိရာ ဓာတ်အားခွဲရုံ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ထရန် စဖော်မာနှင့် ဓာတ်အားလိုင်းထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲမပြတ်စစ်ဆေးစောင့်ကြည့် ဆောင်ရွက်သွားကြရန်နှင့် ယင်းသို့ဆောင်ရွက်ရာတွင် ဓာတ်အားသုံးစွဲသူပြည်သူများသို့ ကြိုတင်အသိပေးခြင်း ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး Control Room နှင့် Switch Yard များအတွင်း ဓာတ်အားထိန်းချုပ်ပို့လွှတ်ဖြန့်ဖြူးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
21-May-2026