The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၂)ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။.  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အား ခွဲရုံအမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ်(၁)သည် ၂၀၂၆ခုနှစ်၊ မေလ ၂၁ ရက်နေ့ (၁၅:၄၂) နာရီတွင် ဓာတ်အားပြတ်တောက်ခဲ့ပြီး လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာ စမ်းသပ်ချက် များအရ ထရန်စဖော်မာလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဖော်ပြပါ ထရန် စဖော်မာလောင်ကျွမ်းမှုကို သိလျှင်သိခြင်း အဆိုပါ ထရန်စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးထားသည့် အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာနေရာ အချို့အား ၎င်းဓာတ်အားခွဲရုံရှိ ကျန်ထရန်စဖော်မာ အမှတ် (၂) ဖြင့် ဝန်အားမျှ၍ လျှပ်စစ်ဓာတ်အား ယာယီပြန်လည်ဖြန့်ဖြူးပေးခဲ့ပါသည်။

၂။   လောင်ကျွမ်းခဲ့သည့် ထရန်စဖော်မာအမှတ် (၁) ကို ၂၀၀၃ ခုနှစ်ကတည်းက ထုတ်လုပ် သုံးစွဲခဲ့ပြီး အလေးချိန် (၂၁) တန်ရှိပါသည်။ အဆိုပါ ထရန်စဖော်မာအား ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ၁ လုံးဖြင့် အစားထိုးလဲလှယ်နိုင်ရေးအတွက် (၇၀) တန် ကရိန်းယာဉ်နှင့် ယန္တရားများ အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့  (၁၆:၂၀) နာရီမှ စတင်၍ စီစဉ်ဆောင်ရွက်ခဲ့ရာ မေလ ၂၂ ရက်နေ့  နေ့လယ်ပိုင်းတွင် ရွှေ့ပြောင်းခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း အဆင့်ဆင့်အား ဆောင်ရွက်ပြီးစီးခဲ့ပြီး ယနေ့ည ဓာတ်အားသုံးစွဲမှု လျော့ကျသွားသောအချိန်မှစ၍ ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

22-May-2026