The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆)မိုင်ခန့်အကွာ ပေါင်းလောင်းမြစ် ပေါ်တွင် တည်ဆောက်ထားသည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ ရာဂီမုန်တိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်ပြီးစီး၍ စက်များ လည်ပတ်မောင်းနှင်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေ၊ ဓာတ်အားထိန်းချုပ်ခန်း (Control Room) အတွင်း ဓာတ်အားထိန်းချုပ်၍ ဓာတ်အားစနစ်နှင့် ချိတ်ဆက်မောင်းနှင်နေမှုအခြေအနေ၊ ဓာတ်အားပေး စက်များ၏ တာဘိုင်များ လည်ပတ်နေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်နေမှု၊ တမံအတွင်း ပေါင်းလောင်းငယ်ချောင်းမှ နုန်းများ ဝင်ရောက်မှုအခြေအနေနှင့် တမံ ကြံ့ခိုင်ရေး ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံရှင်းလင်းဆောင်ခန်းမသို့ ရောက်ရှိရာ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရာဂီမုန်တိုင်း အရှိန်ဖြင့် ရေကြီး ရေလျှံမှုကြောင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွင်း ပျက်စီးမှုများကို ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေ၊ ရေလှောင်တမံအတွင်း ပေါင်းလောင်းငယ်ချောင်းမှ နုန်းများ ဝင်ရောက်မှုကို ဖယ်ရှား ရှင်းလင်းမှုအခြေအနေနှင့် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်လာပါက ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ရေလှောင်တမံများတွင် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများနှင့် ရေ စီမံခန့်ခွဲမှု ပြုလုပ်ရမည့် တမံများအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးမှ တမံ အတွင်းသို့ ယခင်နှစ်များနှင့် ယခုနှစ် ရေဝင်ရောက်မှုအခြေအနေ နှိုင်းယှဉ် ချက်နှင့် ဓာတ်အားစနစ်အတွင်းသို့ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ဟန်ချက်ညီ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

    တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့် နွေရာသီတွင် ပြည်သူလူထုသို့ လျှပ်စစ် ဓာတ်အား ပြည့်မီစွာဖြန့်ဖြူးပေးနိုင်ရေး ရေ စီမံခန့်ခွဲမှုကို လက်တွေ့အခြေအနေနှင့်ကိုက်ညီစွာ စနစ်တကျ ပြုလုပ်ပြီး ဓာတ်အားထုတ်လုပ်မှုများကို ကြိုတင်စီမံခန့်ခွဲရန်၊ အထက်ပေါင်းလောင်းဆည် အတွင်းသို့ မိုးရေနှင့်အတူ ပါလာသော နုန်းများနှင့် နုန်းစစ်ကန်အတွင်းမှ နုန်းများကို ဖယ်ထုတ် ရှင်းလင်းရန်၊ နုန်းကြောင့် ဓာတ်အားပေးစက်များ ပျက်စီးမှု မရှိစေရေး ကြိုတင်တားဆီးမှုများ ပြုလုပ်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် စက်များ ချို့ယွင်းမှု ဖြစ်ပေါ်လာပါကလည်း အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် စက်အရံပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်းပြီး စီမံဆောင်ရွက် ထားရှိရန်၊ အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို သုံးသပ်ပြီး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် ဒုဋ္ဌဝတီဆင့်ကဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် စသည်ဖြင့် မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံမှ ဝန်ထမ်းများ၊ တည်ဆောက်ရေး စီမံကိန်းမှ ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အားပေး စကားပြောကြားခဲ့ကြောင်းနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
29-Jun-2026