The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရွှေမြို့ ၁၅ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

   နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း Golden City Solar Power Co., Ltd. က တာဝန်ယူဆောင်ရွက်ခဲ့သည့် ရွှေမြို့ ၁၅ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဂုဏ်ပြု အားပေးတက်ရောက်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ နေရောင်ခြည်စွမ်းအင်အပြင် Battery Energy Storage System မှ ထုတ်လုပ်သော ဓာတ်အားကို စက်ခလုတ်နှိပ်၍ ပေါင်းထည့် ပေးပြီး လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုစတင်ပေးခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထားလုပ်ဆောင်သွားရန်  လမ်းညွှန်မှုပြုထားပါ ကြောင်း၊ ထိုလမ်းညွှန်မှုသည် ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်မှုပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေရောင်ခြည် စွမ်းအင်အပြင် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်ယူနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းလုပ်ငန်းများ လျင်မြန်စွာပြီးစီးရေး အတွက် တွန်းအားပေးဆောင်ရွက်နေသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် စေတနာမှန်စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပါက အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ တင်ပြလာသည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း၏ အဆိုပြုလွှာများကို ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည်များ ပြန်လည်စိစစ်ပြီး အမြန်ဆုံး၏ လုပ်ငန်းစတင်နိုင်ရေး ခွင့်ပြုပေး လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ရွှေမြို့ဆိုလာစက်ရုံ (၁၅) မဂ္ဂါဝပ်ကို (၁) နှစ်အတွင်း တည်ဆောက်ခဲ့ပြီး Energy Storage System ထည့်သွင်းတပ်ဆင် တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ စီမံကိန်းအပိုင်း (၂) ၂၅ မဂ္ဂါဝပ်နှင့် အပိုင်း(၃) ၃၀ မဂ္ဂါဝပ် စီမံကိန်းများကိုလည်း တိုးတက်ပြောင်းလဲနေသည့်နည်းပညာများဖြင့် ယခုထက်ပိုမို အဆင့်မြှင့် တင်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း၊ ဆိုလာစီမံကိန်းများသည် အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား လျင်မြန်စွာ ရယူလိုနေသည့် အချိန်တွင် လွန်စွာအားကိုးအားထားပြုရသည့် စီမံကိန်းလုပ်ငန်းများဖြစ်သည့်အလျောက် သတ်မှတ်ချိန်အတွင်း အောင်မြင်စွာပြီးမြောက်စေရေး ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။        

   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံဧရိယာနှင့် စီမံကိန်းအပိုင်း(၂) နှင့် အပိုင်း(၃) ဓာတ်အားပေးစက်ရုံစီမံကိန်းတည်ဆောက်မည့်နေရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။  

Post under by : ဝန်ကြီးရုံး
11-Jul-2026