၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင် လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင်က တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝမြင့်မားရန်အတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ် များအပေါ်တွင် အဓိကမှီခိုအားထားနေရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေအား လျှပ်စစ်ထုတ်လုပ်မှုတွင် စိန်ခေါ်မှုများရှိနေသကဲ့သို့ ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများသည်လည်း မိမိတို့၏စွမ်းအင်လုံခြုံရေးအတွက် ရေရှည်တွင် စဉ်းစားစရာဖြစ်လာပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ်အခြေခံပြီး နိုင်ငံတော်အတွက် သင့် လျော်သည့်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု(Generation Mix)ကို သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် တွက်ချက်စီမံလျက်ရှိပါကြောင်း၊ "နေရောင်ခြည်စွမ်းအင်"သည် မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား အရ သဘာဝပေးအရင်းအမြစ် ကြွယ်ဝခြင်း၊ အခြားသောဓာတ်အားပေးစနစ်များနှင့် နှိုင်းယှဉ်ပါက စီမံ ကိန်းကာလတိုတောင်းခြင်းတို့ကြောင့် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများ အတွင်းသို့ သင့်တင့် သည့်အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစု အဖွဲ့အလိုက် ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System စနစ်အား တပ်ဆင်အသုံးပြုနိုင်ရေး နည်းလမ်း (၂) ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့် သတ်ချက်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဝိုင်းဝန်းအကြံပြု၊ ဆွေးနွေး၊ အဖြေရှာခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများနှင့် စီမံကိန်းများ သည် လျင်မြန်စွာအကောင်အထည်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ဆိုလာဓာတ်အားပေးစနစ်အား စွမ်း ရည်မြင့်မားစွာနှင့် ထိထိရောက်ရောက်အသုံးချနိုင်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် စာတမ်းရှင်များ၊ ဟောပြော ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူ များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း “မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် လျှပ်စစ် ဓာတ်အားစနစ်၏ တည်ငြိမ်စိတ်ချမှုကိုထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပေါကြွယ်ဝလှသော နေရောင်ခြည်စွမ်းအင် အရင်းအမြစ်ကို အပြည့်အဝအသုံးချ၍ ဓာတ်အားထုတ်လုပ်ခြင်းဖြင့် စွမ်းအင်ဖူလုံပြီး စိမ်းလန်းစိုပြည် သော အနာဂါတ်နိုင်ငံတော်ကြီးဆီသို့ အောင်မြင်စွာရှေ့ဆက်တက်လှမ်းနိုင်ပါစေကြောင်း နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။
ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ ၊ အခြားဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အကျိုးတူပူး ပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သီးခြားဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူ စုစုပေါင်း ၄၇၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။